ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို

By 008(မဇ္ဈိမ)
02 November 2023
ဖမ်းဆီးရမိသည့် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကောင်းမွန်စွာထားပြီး ဆေးကုသပေးဟုဆို
ပုံစာ - ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို  ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ၊ MDY PDF

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် နိုဝင်ဘာလ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ၌ ဒဏ်ရာများဖြင့်ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ကောင်းမွန်စွာ ဆေးကုသပေးနေ သည်ဟု MDY PDF က ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် “နိုဝင်ဘာ ၁ ရက်နေ့တိုက်ပွဲ၌ ဒဏ်ရာနှင့်ဖမ်းဆီးရမိခဲ့သည့် စကစတပ်ဖွဲ့ဝင် ဆရာကြီး ကိုလှရွှေနှင့် ရှမ်းမြောက်မလာနှင့် ဟုတ်တို့အား ဆေးကုသပေးလျက်ရှိသည်” ဟု ဖော်ပြထားသည်။

“မနေ့ကတိုက်ပွဲအပြီးမှာ ဒဏ်ရာနဲ့အရှင်ဖမ်းဆီးရမိတဲ့ စကစတပ်သားတွေရှိပါတယ်။ ကောင်းကောင်း မွန်မွန် ဆေးကုပေးနေပါတယ်” ဟု MDY PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပုံစာ - ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို  ဆေးကုသမှုပေးနေစဥ်။ ဓာတ်ပုံ၊ MDY PDF

နောင်ချိုမြို့နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်ကလည်း TNLA ၊ MDY - PDF ပူးပေါင်းတပ်ဖွဲ့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ ရွှေညောင်ပင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်းက ပြင်ဦးလွင်မှ နောင်ချိုသို့တက်လာသည့် စစ်ကောင်စီယာဉ်တန်းကို အုမ္မသီးနှင့် အုမ္မခါးလမ်းခွဲတွင် TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သံချပ် ကားတစီးထိခိုက်ပျက်စီးကာ စစ်ကောင်စီတပ်ဖွဲ့ နောက်ပြန်ဆုတ်သွားပြီး MA 1 တလက်၊ MA 2 သုံး လက်၊ MA 3 နှစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required