မတ္တရာမြို့ ငါးလုံးပြွန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဒေသခံ ၂ ဦးကို ဖမ်းဆီး

By လွှမ်းမိုး(မဇ္ဈိမ)
02 November 2023
မတ္တရာမြို့ ငါးလုံးပြွန်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ ဒေသခံ ၂ ဦးကို ဖမ်းဆီး

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ် ၊ အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်က ငါးလုံးပြွန်ကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရပါသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အကြောင်းမဲ့ မီးရှို့ခဲ့တာဖြစ်ကြောင်း ဒေသခံတဦးက မဇ္ဈိမကို အခုလိုပြောသည်။

“တိုက်ပွဲ ဖြစ်ပွားခြင်း မရှိပါဘူး။ စစ်တပ်က ရွာကို သက်သက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။ ရွာရဲ့နေရာစုံကနေ မီးခိုးတွေ ထွက်လာတာကို အဝေးကနေလှမ်းပြီးမြင်နေရတာ ဖြစ်တယ်။ အကုန်လုံးက စစ်ရှောင်နေရတာ ဖြစ်ပြီး ၊ ရွာထဲကို ဘယ်သူမှ မဝင်နိုင်သေးတဲ့အတွက် မီးလောင်အိမ်ခြေ စာရင်းကို မသိရသေးဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် ငါးလုံးပြွန်ကျေးရွာမှ ဒေသခံ ပြည်သူ နှစ်ဦးကို ရိုက်နှက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

“ ရွာက ကလေးနှစ်ယောက်ကိုလည်း ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးတာတွေ လုပ်တယ်။ ဖမ်းဆီးထားတဲ့ ကလေးတွေကို ငွေ ၅၀,၀၀၀ နဲ့ ပြန်ရွေးရမယ် ဆိုပြီး အိမ်နံရံတွေမှာ စာတွေ ရေးထားခဲ့တာ ရှိပါတယ်” ဟု ဒေသခံ တဦးက ဆိုသည်။

ယင်းစစ်ကြောင်းသည် ကျောက်တံတားကျေးရွာမှ စတင်ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး မတ္တရာမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေသည့်အတွက် ငါးလုံးပြွန် ၊ ဆိတ်သာ ၊ ရှမ်းရွာ စတဲ့ကျေးရွာများမှ ဒေသခံ ၇၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required