ကမ္ဘာတဝန်း ဒီမိုကရေစီ ကျဆင်းနေဟု အစီရင်ခံစာတွင် ဖော်ပြ

ကမ္ဘာတဝန်း ဒီမိုကရေစီ ကျဆင်းနေဟု အစီရင်ခံစာတွင် ဖော်ပြ

ကမ္ဘာ့နိုင်ငံများ၏ ထက်ဝက်နီးပါးသည် ဒီမိုကရေစီ အဆင့်လယ်ဗယ် ကျဆင်းမှုကို မြင်တွေ့ရလျက် ရှိကြောင်း နိုင်ငံတကာ think tank (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့) တခုက နိုဝင်ဘာ ၂ ရက်တွင် ပြောသည်။

သမိုင်းကြောင်းအရ ရှည်ကြာသည့် ဒီမိုကရေစီ ထုံးတမ်း အစဉ်အလာများ ရှိသည့် နိုင်ငံတချို့လည်း ယင်းတွင် ပါဝင်နေသည်။

ဆန်းစစ်လေ့လာခဲ့သည့် နိုင်ငံ ၁၇၃ ခုအနက် ၈၅ နိုင်ငံတွင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း ဒီမိုကရေစီ ဆိုင်ရာ စွမ်းဆောင်မှု၏ အဓိကကျသည့် အညွှန်းတခုထက်မနည်းတွင် ကျဆင်းမှု ကြုံတွေ့ထားရကြောင်း စတော့ဟုမ်း အခြေစိုက် နိုင်ငံတကာ ဒီမိုကရေစီနှင့် ရွေးကောက်ပွဲဆိုင်ရာ အထောက်အကူပေးမှု အင်စတီကျု (International IDEA) က ပြောသည်။

“အခြေခိုင်နေတဲ့ ဒီမိုကရေစီ နိုင်ငံ အများအပြားလည်း ဆုတ်ဆိုင်းမှုတွေနဲ့ ကြုံတွေ့နေရတယ်။ အမေရိကန်မှာ လူမှု အစုအဖွဲ့ တန်းတူညီမျှမှုပိုင်းကနေ စလို့ ဩစတြီးယားမှာ စာနယ်ဇင်း လွတ်လပ်ခွင့်နဲ့ ယူကေမှာ တရားမျှတမှု လက်လှမ်းမီနိုင်ရေး အပိုင်းအထိ ကျဆင်းမှုတွေ ဖြစ်ပေါ်နေတယ်” ဟု ယင်းက ပြောသည်။

“ဒါကတော့ ဒီမိုကရေစီဆိုင်ရာ တိုးတက်မှုတွေထက် ဆုတ်ယုတ်ကျဆင်းမှုတွေ ဖြစ်နေတဲ့ နောက်ထပ်နိုင်ငံတွေကို ကျွန်တော်တို့ ခြောက်နှစ်မြောက် မြင်တွေ့ရတာဖြစ်တယ်” ဟု International IDEA ၏ ပရိုဂရမ်အရာရှိ မစ်ချယ်လ် ရမ်နေးက အေအက်ဖ်ပီကို ပြောသည်။ ၎င်းသည် “The Global State of Democracy 2023” အစီရင်ခံစာကို ရေးသားသူများအနက် တဦးဖြစ်သည်။

အဆိုပါ ခြောက်နှစ်တာ ဦးတည်ရာအလားအလာသည် အဖွဲ့အစည်းအနေဖြင့် ၁၉၇၅ ခုနှစ်က ဒေတာအချက်အလက်များ စတင်ကောက်ယူပြီးနောက်ပိုင်း မြင်တွေ့ထားရသည့် အရှည်ကြာဆုံးသော ‘ဒီမိုကရေစီ ကျဆင်းဆုတ်လျော့မှု’ ဖြစ်သည်ဟု ၎င်းက ပြောသည်။

ဩစတြီးယား၊ ဟန်ဂေရီနှင့် ပီရူး ကဲ့သို့ နိုင်ငံများတွင် လွတ်လပ်သော တရားရုံးများက အကောင်အထည်ဖော်သည့် ဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေး အကြမ်းဖက်မှုမှ လွတ်မြောက်မှုတို့လည်း အားနည်းလျက်ရှိသည်ဟု အစီရင်ခံစာတွင် မှတ်ချက်ပြုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required