ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြပွဲ၌ လူသေဆုံး

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အလုပ်သမားများ ဆန္ဒပြပွဲ၌ လူသေဆုံး
ဖိုင်ဓာတ်ပုံ- ဘင်္ဂလားဒေ့ရှ် အထည်ချုပ်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူများ စက်တင်ဘာ ၁၄၊ ၂၀၁၈၊ ဒါကာတွင် စုဝေးနေစဉ်

အနိမ့်ဆုံးလုပ်ခ သုံးဆ တိုးပေးရန် တောင်းဆိုသော ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများ ဆန္ဒပြပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ဖြစ်၍ လူ တဦး သေဆုံးကြောင်း ရဲက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာ၌ အများဆုံး အဝတ်အထည် တင်ပို့ရာ နိုင်ငံဖြစ်ပြီး နိုင်ငံ၏ နှစ်စဉ် ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅၅ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်း ရှိသော်လည်း နိုင်ငံ၏ လေးသန်းမျှ ရှိသော အထည်ချုပ်အလုပ်သမားများ၏ အခြေအနေမှာ အဆိုးဘက်တွင် ရှိနေသည်။

နိုင်ငံ၏ အကြီးဆုံး စက်မှုမြို့ဖြစ်သော ဂါဇီပူ၌ အလုပ်သမား အနည်းဆုံး ၁၀,၀၀၀ သည် ၎င်းတို့၏ အလုပ်ချိန်၌ မဝင်ရောက်ဘဲ ဆန္ဒပြကြပြီး အရှုလီယာနှင့် ဟီမေယီပူမြို့များတွင်လည်း အင်အား ၇,၀၀၀ ဝန်းကျင် ဆန္ဒပြကြကြောင်း ရဲက ပြောသည်။

ရဲ ထုတ်ပြန်သော နှုန်းထားကို ပယ်ချပြီး ဆန္ဒပြအင်အား ၁၀၀,၀၀၀ ကျော် ရှိကြောင်း အရှုလီယာမြို့ အထည်ချုပ်လုပ်ငန်း သမဂ္ဂ ခေါင်းဆောင် မိုဟာမတ် အီဘရာဟင်က ပြောသည်။

အဆိုးဆုံးသော ပဋိပက္ခသည် ဒါကာမြို့တော်မှ မိုင်မင်ဆင်းချ်အရပ်သို့ သွယ်တန်းသော အဝေးပြေးလမ်းမတွင် ဖြစ်ပွားပြီး ရဲနှင့် အလုပ်သမား ၄,၀၀၀ ခန့် ထိပ်တိုက်တွေ့ခဲ့ရာ လမ်းကို ပိတ်ဆို့ထားကာ ထရပ်ကား တစီးလည်း မီးရှို့ခံရကြောင်း တာဝန်ရှိသူများက အေအက်ဖ်ပီသို့ ပြောသည်။

“ထိပ်တိုက်တွေ့မှုမှာ အထည်ချုပ် အလုပ်သမားတဦး ဒဏ်ရာရပြီး ဆေးရုံတင်တဲ့အချိန် သေဆုံးခဲ့ပါတယ်”ဟု ဂါဇီပူရှီ ရဲအကြီးအကဲ ဆာဝါအလမ်းက ပြောသည်။

“သူတို့တွေက ကျွန်တော်တို့ တာဝန်ရှိသူတွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ကြတယ်၊ ဒီ ထိပ်တိုက်တွေ့မှုမှာ ရဲအချို့ ဒဏ်ရာ ရတယ်၊ လူစုကွဲအောင် မျက်ရည်ယို ဓာတ်ငွေ့နဲ့ အသံဗုံးတွေ ကျွန်တော်တို့ ပစ်ခတ်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ဆန္ဒပြသူများက ပြတင်းပေါက်များနှင့် ပရိဘောဂများကို ဖျက်ဆီးသဖြင့် အနည်းဆုံး စက်ရုံ ၄၀ ခန့် ပျက်စီးရကြောင်း ရဲက ပြောသည်။

ဆန္ဒပြသူများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဏာပိုင်များက သမဂ္ဂ ခေါင်းဆောင်များနှင့် ပြောဆိုဆွေးနွေးနေကြောင်း ဘင်္ဂလားဒေ့ရှ် စက်မှုအရပ် ရဲအကြီးအကဲ မာဘူဘာ ရတ်မန်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required