မဏိပူရ်တွင် ရဲဝန်ထမ်း အသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၃၂ ဦး ထိန်းသိမ်းခံရ

By India Today
02 November 2023
မဏိပူရ်တွင် ရဲဝန်ထမ်း အသတ်ခံရပြီးနောက် မြန်မာနိုင်ငံသား ၃၂ ဦး ထိန်းသိမ်းခံရ
Photo-AFP

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် မိုရေးမြို့တွင် လုံခြုံရေးတပ်ဖွဲ့များ၏ နိုဝင်ဘာ ၁ ရက် ပူးတွဲစစ်ဆင်ရေးတခုအတွင်း မြန်မာနိုင်ငံသား ၃၂ ဦး အပါအဝင် လူ ၄၄ ဦးထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

မဏိပူရ် ရဲတပ်ဖွဲ့၏ အထူးကွန်မန်ဒိုများ၊ အိန္ဒိယအရန်တပ်ရင်း (IRB) ၊ အာသံရိုင်ဖယ်တပ်ဖွဲ့နှင့် နယ်စပ် လုံခြုံရေးတပ်ဖွဲ့ (BSF) တို့ ပါဝင်လုပ်ဆောင်သည့် ပိတ်ဆို့ ရှာဖွေမှုတရပ်အတွင်း မိုရေးမြို့မှ လူ ၄၄ ဦး ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးမှုအရ အဆိုပါ ထိန်းသိမ်းခံရသူများအနက် ၃၂ ဦးသည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း တွေ့ရှိရသည်။

မဏိပူရ် ရဲတပ်ဖွဲ့ဝင်တဦးဖြစ်သည့် ချင်သမ် အနန်းဒ် ကူးမား အသတ်ခံရမှုတွင် ပါဝင်ပတ်သက်ကျူးလွန်သူများကို ဖမ်းဆီးရန် ထိုရှာဖွေမှု စစ်ဆင်ရေးကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အသတ်ခံရသည့် မဏိပူရ် ရဲတပ်ဖွဲ့ဝင် ကူးမားသည် ရဟတ်ယာဉ်ဆင်းကွင်းတခု တည်ဆောက်ရန်အတွက် စာသင်ကျောင်းတခု၏ မြေနေရာ ရှင်းလင်းမှုများကို ကြီးကြပ်ရင်း တာဝန်ထမ်းဆောင်နေချိန်အတွင်း စနိုက်ပါ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိုဖြစ်စဉ် ဖြစ်ပြီးနောက် တာဝန်ရှိသည့် ကျူးလွန်သူများကို ဖမ်းဆီးရန် မိုရေးနှင့် ကပ်လျက် ဧရိယာများတွင် ရှာဖွေဖမ်းဆီးသည့် စစ်ဆင်ရေးတခု လုပ်ဆောင်ရန် ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးတပ်ဖွဲ့များကို ညွှန်ကြားခဲ့သည်။

မဏိပူရ်ပြည်နယ်တွင် မေလ ၃ ရက်က မေထေး (ကသည်း) များနှင့် ကူကီးများအကြား လူမျိုးရေး ထိပ်တိုက်တွေ့ ပဋိပက္ခများ ဖြစ်ပွားပြီးကတည်းက လူမျိုးရေးအကြမ်းဖက်မှုများကို ကြုံတွေ့ထားရသည်။ အကြမ်းဖက်မှုများအတွင်း လူ ၁၈၀ ကျော် အသက်ဆုံးရှုံးထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly