စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးသေဆုံး

By လွှမ်းမိုး(မဇ္ဈိမ)
02 November 2023
စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်ပြီး အမျိုးသမီးသေဆုံး

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ တွင် ရေဦးမြို့ပေါ်မှ စစ်ကောင်စီတပ်သားများ ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်ပြီး အမျိုးသမီး တဦးသေဆုံးကာ သုံးဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းတွင် အခင်းဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများတွင် ကလေးငယ် နှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။

“ ရေဦးမြို့ပေါ် မှာရှိတဲ့ စစ်ကောင်စီတပ်က ၁၂၀ မမ နဲ့ နှစ်ကြိမ် လှမ်းပြီး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ လက်နက်ကြီးက အိမ်ဝင်း အလယ်ခေါင်ကျပြီး အိမ်အလည်လာသူ ဒေါ်စိတ်( အသက်-၄၂နှစ်) ကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တယ် ၊ သားမိနှစ်ယောက်ကတော့ အသက်အန္တရာယ် စိုးရိမ် ရပါတယ်။ ထိခိုက်မိသူတွေထဲမှာ ၁၃ နှစ် ၁၄ နှစ်အရွယ်ကလေး နှစ် ဦးလည်း ပါတယ်” ဟု လုံခြုံရေး အရအမည်မဖော်လိုသည့် ဒေသခံ တဦးက ဆိုသည်။

စစ်ကောင်စီတပ်က အောက်တိုဘာ ၂၁ ရက်နေ့မှ စတင်ကာ  ဒီပဲယင်းမြို့နယ် အနောက်ခြမ်းကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကာကွယ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။

“ စစ်အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းက အင်အား ၅၀ ခန့်စီနဲ့ နှစ်ကြောင်းခွဲပြီး ဒီပဲယင်း အနောက်ခြမ်းကို မွှေနှောက်စစ်ကြောင်းထိုးသွာတာ ဖြစ်ပါတယ်။ ဒေသခံ ၁၉ ဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကာ ကိုးဦးသာ ပြန်လွှတ်လိုက်ပြီး အခုလက်ရှိမှာ ရေဦးကို တကြောင်း ၊ ဒီပဲယင်း မြို့ထဲကို တကြောင်း ဝင်ရောက်တပ်စွဲနေတာ ဖြစ်ပါတယ်” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ယင်းစစ်ကြောင်းများကြောင့် ရေဦး-ဒီပဲယင်း လမ်းမ အနီးရှိ လက်ယက်ကုန်း ၊ ညောင်လှ ၊ အောင်ချမ်းသာ စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၁၀,၀၀၀ ကျော် စစ်ရှောင်နေရကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required