ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်

By မဇ္ဈိမ 
03 November 2023
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာမှာကို ဒေသခံတွေ စိုးရိမ်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(AA) ပါဝင်တဲ့ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေပြန်ဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ရခိုင်မှာ စစ်ကောင်စီက တိုက်ပွဲဝင်ဖို့အသင့်အနေအ ထားနဲ့စစ်ရေးပြင်ဆင်မှုကို အမြင့်ဆုံးတပ်လှန့်ခိုင်းထားတယ်လို့ သိရပါတယ်။

ရခိုင်မှာ ရက္ခိုင့်တပ်တော်(AA)နဲ့စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်နားလည် မှုနဲ့ယာယီအပစ်ရပ်ထားပေမယ့် စစ်ကောင်စီက စစ်ရေးပြင်ဆင်လှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့ ရခိုင်ပြည်သူတွေက ဆိုကြပါတယ်။

လက်ရှိမှာတော့ ဒေသတွင်းတိုက်ပွဲတွေမရှိပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်ကြောင်းလှုပ်ရှားမှုတွေ၊ လမ်းခရီးအသွားအလာစစ်ဆေးတာတွေ၊ လက်နက်ကြီးပစ်ခတ်စမ်းသပ်တာတွေကို ပြီးခဲ့တဲ့လပိုင်းတွေကစလို့ အရှိန်မြှင့်လုပ်ဆောင်လာတာတွေရှိနေတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်စခန်းတွေ အသိမ်းခံနေရသလို ထိခိုက်ကျဆုံးမှုတွေများနေတာကြောင့် ရက္ခိုင့် တပ်တော်(AA)နယ်မြေစိုးမိုးမှု ရှိနေတဲ့ရခိုင်ပြည်နယ်ဘက်ကိုလည်း စစ်ကောင်စီဘက်က တိုက်ပွဲတွေဖော်ဆောင်လာမှာကို ဒေသခံတွေအကြား စိုးရိမ်မှုတွေရှိနေကြပါတယ်။

ဒေသခံတွေကို AA ဘက်ကနေ ဗုံးခို ကျင်းတွေ တူးထားဖို့ တိုက်တွန်းထားသလို စစ်ကောင်စီဖက်ကလည်း စစ်ရေးလေ့ကျင့်တာတွေ နဲ့ စစ်ဆေးမှုတွေပိုတင်းကြပ်လာတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်နဲ့ စစ်တပ်တို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြပြီး စစ်အာဏာသိမ်းထားတဲ့ ၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှာတော့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ယာယီသဘောတူညီချက်တွေ ရရှိထားကြတာပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဘက်က ကုန်စည်စီးဆင်းမှုတွေနဲ့ ဆေးဝါးသယ် ယူခွင့်တွေကို ကန့်သတ်တားမြစ်ထားတဲ့ အပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့ဝင်တွေကို လိုက်လံဖမ်းဆီးတာတွေ AAအမာခံတွေကို ဖမ်းဆီးတာတွေ ရှိနေတာကြောင့် စစ်ကောင်စီနဲ့ AAအဖွဲ့ကြား တင်းမာမှုတွေ ရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA က ပြောဆိုထားပါတယ်။

ရက္ခိုင့်တပ်တော်(‌AA)၊ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ဟာ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်ကစလို့ စတင်နေတာဖြစ်ပြီး ကိုးကန့်ဒေသအပြင် လားရှိုး၊ သိန္နီ၊ နောင်ချိုနဲ့ မိုးကုတ်မြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေက စစ်ဘေးဒဏ်တွေ အပြင် မုန်တိုင်းနဲ့ သဘာဝဘေး အန္တရာယ်တွေကို အကြီးအကျယ်ခံခဲ့ရတဲ့ ရခိုင်ဒေသခံတွေ အနေနဲ့ လက်ရှိအချိန် အထိ လုံခြုံတဲ့ အမိုးအကာ အောက်ကို ရောက်ဖို့ ခက်ခဲနေသေးသလို စားဝတ်နေရေး အကြပ်အတည်းတွေနဲ့ ရင်ဆိုင် နေကြရဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required