ကောလင်းမြို့ကို  သိမ်းပိုက်နိုင်ပြီဟု NUG ကြေညာ၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟုဆို 

By ရွှေနွယ်( မဇ္ဈိမ )
06 November 2023
ကောလင်းမြို့ကို  သိမ်းပိုက်နိုင်ပြီဟု NUG ကြေညာ၊ ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဟုဆို 
ပုံအညွှန်း − ကောလင်းမြို့တွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ (ဓာတ်ပုံ − NUG-MOD)

ကောလင်းမြို့ကို  သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားရရှိကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ (စစ်ရုံးချုပ်)က ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လယ် ၁၂ နာရီခန့်တွင် သတင်းထုတ်ပြန်သည်။

အမှတ်(၁) စစ်ဒေသ၊ ကောလင်းခရိုင်ကွပ်ကဲရေး အစီအစဥ်ဖြင့်  ကောလင်းမြို့ကို သိမ်းပိုက်ပြီးခဲ့ခြင်း ဖြစ်ပြီး ခရိုင်အဆင့်မြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေး ဘဏ်တို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရန်သူ့အုပ်ချုပ်ရေး ယန္တရားရပ်တန့်သွားပြီဟု ဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၅ ရက် ညနေထိ လက်နက် မျိုးစုံ ၅၄ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိပြီး စစ်ဆင်ရေးဆိုင်ရာ အချက်အလက်များကို မကြာခင် အသေးစိတ်ဆက်လက် ထုတ်ပြန်သွားပါမည်ဟု အသိပေးထားသည်။

ကောလင်းမြို့ပေါ်မှ စစ်ကောင်စီစခန်းများကို နိုဝင်ဘာလ ၃ ရက်မှစတင်၍ တိုက်ခိုက်ခဲ့ပြီး လေးရက် မြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။  စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ  ဒေသခံအချို့သေဆုံးပြီး နေအိမ်များလည်း မီးလောင်ပျက်စီးမှုရှိကြောင်း မြို့ခံများကပြောသည်။

လက်ရှိတွင် ကောလင်းမြို့တွင် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ၅၀,၀၀၀ ခန့်ရှိနေကြောင်းနှင့် မြို့တွင်းတိုက်ပွဲများကြား မီးလောင်သည့်နေအိမ်များနှင့် ထိခိုက်ဒဏ်ရာရရှိထားသူ အရပ်သားအချို့ ရှိကြောင်းလည်း ဒေသတွင်း သတင်းများကို မျှဝေနေသည့် Kawlin Info က ယနေ့ နံနက် ထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required