ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

By လွှမ်းမိုး (မဇ္ဈိမ)
06 November 2023
ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ကို ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဒေသ ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁ နာရီတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု နယ်မြေခံ တပ်ပေါင်းစုထံမှ သိရသည်။

“စိုင်ပြင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ခံစစ်က ဘန်ကာတွေနဲ့ကျကျနန လုပ်ထားတာဖြစ်ပါတယ်။ ကျနော် တို့ ၄ နာရီကျော်ကျော်လောက်ထိတိုက်ခဲ့ပေမယ့် ခံစစ်ကို မဖောက်နိုင်ခဲ့ဘူး” ဟု ကာကွယ်ရေး ရဲဘော် တဦးက ဆိုသည်။

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း လည်း ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

“လေယာဉ်လာတဲ့ သတင်းကြားလို့ လက်နက်ကြီးပစ်ကူနဲ့ ကျနော်တို့ ပြန်ဆုတ်တယ်။ ဗုံးသီး နှစ်လုံးချ သွားတယ်။ တလုံးကွဲပြီး တလုံးကတော့ မကွဲဘူး။ နေအိမ်သုံးလုံး တော်တော်လေး ပျက်စီးသွားတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်သုံးဦး ကျဆုံးခဲ့ပြီး  စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် လည်း ထိခိုက်သေဆုံးမှုများနိုင်ကြောင်း နယ်မြေခံတပ်ပေါင်းစုအဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို နယ်မြေခံ PDF နှင့် Local PDF များစုပေါင်းထားသည့် တပ်ပေါင်းစုက NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ခရိုင်ကွပ်ကဲမှုအောက်မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်က စိုင်ပြင်မြို့ကို ထပ်မံအင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟုလည်း ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောသည်။ 

တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် စိုင်ပြင်မြို့အပြင် ကျေးရွာခုနစ်ရွာမှ ဒေသခံ ၁၀,၀၀၀ ကျော် နေရပ် စွန့်ခွာစစ်ရှောင်နေရကြောင်း နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စာတည်း။           ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required