ကောလင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်

By ရွှေနွယ် (မဇ္ဈိမ)
05 November 2023
ကောလင်းတွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီတပ် လေကြောင်းမှတိုက်ခိုက်
ပုံအညွှန်း −ကောလင်းမှ စစ်ဘေးရှောင်များ။(ဓာတ်ပုံ − Kawlin Info)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ယနေ့ နိုဝင်ဘာလ ၅ ရက် နံနက်ပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

“သုံးရက်မြောက်ဖြစ်သွားပြီ။ ကျွန်တော်တို့သိရတဲ့ နောက်ဆုံးသတင်းကတော့ တိုက်ပွဲက အခုထိဖြစ်နေ တုန်းပဲ။ စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့သုံးပြီးတော့ မနေ့ကဆို ၁၀ ကြိမ်ထက်မနည်းဘူး လာ ပစ် တာတွေရှိတယ်။ ဒီနေ့လည်း ပစ်ခတ်မှုတွေရှိနေပါတယ်” ဟု စစ်ကိုင်းတိုင်း ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ(CRSH) မှ ဦးဇော်လှိုင်သိန်းက ယနေ့ နံနက်တွင် မဇ္ဈိမကိုပြောသည်။

ကောလင်းဒေသတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားသည်ဟု ဒေသခံနှင့်နီးစပ်သူထံမှ သိရသည်။

ကောလင်းမြို့အတွင်း၌ ဆက်လက်ပိတ်မိနေကြသည့် ပြည်သူများရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ကယ်ထုတ်ပေးနေရဆဲဖြစ်ကြောင်းလည်း သိရသည်။

ကောလင်းဒေသတွင်း သတင်းများကို ထုတ်ပြန်လေ့ရှိသည့် Kawlin Revolution - KR ၏ ထုတ်ပြန်ချက် အရ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဂျက်ဖိုက်တာတစီးမှ ကောလင်းမြို့ပေါ်သို့ လာရောက် တိုက်ခိုက်သွားကြောင်း သိရသည်။

“ပြည်သူထိခိုက်မှုတော့ရှိတယ်။ ကျွန်တော်တို့ PDF တွေကြောင့် မဟုတ်ဘူး။ စစ်ကောင်စီဘက်က လေ ကြောင်းနဲ့ ပစ်ခတ်တဲ့ကိစ္စတွေ လက်နက်ကြီးနဲ့ရမ်းပစ်တဲ့ကိစ္စတွေကြောင့်ပါ။ ဒါပေမယ့် မနေ့ညက အွန်လိုင်းမှာပျံ့နေတဲ့ အယောက် ၁၀၀ သေတယ်ဆိုတဲ့ ကိစ္စကတော့ မဟုတ်ပါဘူး" ဟု ဦးဇော်လှိုင်သိန်း ကပြောသည်။

ကောလင်းမြို့အတွင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီးလောင်မှုဖြစ် ပွားခဲ့ကြောင်းလည်း သိရသည်။

“ဖုန်းလိုင်းတွေက အကုန်ပိတ်ထားတာဆိုတော့ အိမ်ကိုဆက်သွယ်လို့မရဘူး။ မနေ့က ည ၇ နာရီလောက် တည်းကဆက်သွယ်လို့မရတာ၊ အိမ်ကိုလည်းဆက်မရလို့ စိုးရိမ်နေတာ” ဟု မန္တလေးရောက် ကောလင်း ဒေသခံတဦးက ပြောသည်။

ကောလင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ နေရာများကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာလ ၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊  အထက(၁)နှင့် မြို့မြောက်ဘက်အထွက်ရှိ မြို့မရဲစခန်းတို့အား သိမ်းပိုက် နိုင်သည်ဟု ကနဦးသတင်းများအရ သိရသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်များက အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်ဆင်ရေး(၁၀၂၇)ကို စတင်ခဲ့ ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း၌လည်း အဆိုပါစစ်ဆင်ရေး၏ အစိတ်အပိုင်းအဖြစ် စစ်ကောင်စီစခန်း များကို တိုက်ခိုက်သိမ်းပိုက်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြော သည်။

စာတည်း။         ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required