ဂေါ်ရီလာအီမိုဂျီဆိုရှယ်ပို့စ်အတွက် မန်ယူနိုက်တက်ရဲ့ ဂါနာချို အရေးယူမခံရ

By By PKThawn
08 November 2023
ဂေါ်ရီလာအီမိုဂျီဆိုရှယ်ပို့စ်အတွက် မန်ယူနိုက်တက်ရဲ့ ဂါနာချို အရေးယူမခံရ

မန်ချက်စတာယူနိုက်တက် အသင်းဖော် အန်ဒရေ အိုနာနာနဲ့ ပတ်သက်လို့ ပို့စ်တစ်ခုမှာ ဂေါ်ရီလာ အီမိုဂျီ(emoji)တွေ အသုံးပြုတဲ့အတွက် အလက်ဂျန်းဒရို ဂါနာချိုဟာ အရေးယူမှုနဲ့ ရင်ဆိုင်ရမှာမဟုတ်ကြာင်း အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA)က အင်္ဂါနေ့မှာ ပြောပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့လက ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ကိုပင်ဟေဂင်ကို ၁-၀ ဂိုးဖြင့် အနိုင်သေချာစေဖို့ အိုးလ်ထရက်ဖို့ဒ်မှာ ပွဲပြီးခါနီးပေးလိုက်ရတဲ့ ပင်နယ်တီကို ကာကွယ်ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်ပိုင်းမှာ ဂါနာချိုဟာ အိုနာနာနဲ့ အောင်ပွဲခံနေတဲ့ ယူနိုက်တက်ကစားသမားတွေရဲ့ ပုံတစ်ပုံကို ဂေါ်ရီလာ အီမိုဂျီနှစ်ခုပါတဲ့ စာသားနဲ့အတူ X (အရင်က Twitter) ပေါ်မှာ တင်ခဲ့ပါတယ်။

ပို့စ်ကို အမြန် ဖျက်လိုက်ပေမယ့်လည်း ကင်မရွန်းဂိုးသမားက "ပါဝါနဲ့ ခွန်အား"ကို ထုတ်ပြသဖို့ ကြိုးစားနေပါလို့ ဂါနာချိုကို ကာကွယ်ပြောဆိုခဲ့ပြီး "ဒီကိစ္စက နောက်ဆက်တွဲမဖြစ်သင့်ပါဘူး"လို့လည်း ထည့်ပြောသွားခဲ့ပါတယ်။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူမျိုးရေးအရ ရည်ညွှန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် FA ဟာ အရင်က ကစားသမားတွေကို အပြစ်ပေးခဲ့ပေမယ့် အာဂျင်တီးနားလက်ရွေးစင်ကို တစုံတရာ အရေးယူသွားမှာ မဟုတ်ပါဘူး။

"အလက်ဂျန်းဒရို ဂါနာချိုရဲ့ ဆိုရှယ်မီဒီယာမှာ မကြာသေးခင်က တင်လိုက်တဲ့ ပို့စ်နဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ကျနော်တို့ ပိတ်သိမ်းလိုက်ပါပြီ"လို့ FA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းအနေဖြင့် ကစားသမားရဲ့ လေ့လာတွေ့ရှိချက်တွေကို ရှာဖွေခဲ့ပြီး၊ သူ(ဂါနာချို)က မန်ချက်စတာယူနိုက်တက်ရဲ့ ကိုပင်ဟေဂင်ကို အနိုင်ရရှိမှုမှာ သူတို့ကစားခဲ့တဲ့ အဓိကအခန်းကဏ္ဍတွေအတိုင်း ဂေါ်ရီလာ အီမိုဂျီနှစ်ခုကို အသုံးပြုတာဟာ ၎င်းရဲ့ အသင်းဖော်တွေရဲ့ ခွန်အားနဲ့ စွမ်းအားကို အထူးသဖြင့် အန်ဒရေ အိုနာနာနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ကို မီးမောင်းထိုးပြဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

"အလက်ဂျန်းဒရို ဂါနာချိုရဲ့ ရှင်းပြချက်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာကို ကျနော်တို့ ကျေနပ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ဟာ ဒီအချိန်အခါမှာ စည်းကမ်းပိုင်းဆိုင်ရာ တရားစွဲဆိုမှုတွေကို ထုတ်ပြန်မှာ မဟုတ်ပါဘူး။

"ဒါပေမယ့် ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ အထူးသဖြင့် နည်းလမ်းအမျိုးမျိုးနဲ့ အဓိပ္ပာယ်ပြန်ဆိုနိုင်တဲ့ အီမိုဂျီတွေ အသုံးပြုတာနဲ့ ပတ်သက်လို့ သူ့ရဲ့ တာဝန်ရှိမှုတွေကို ကျနော်တို့တွေ ကစားသမားကို သတိပေးထားပါတယ်။"

အသက် ၁၉ နှစ်ရှိ ဂါနာချိုဟာ ဗုဒ္ဓဟူးနေ့မှာ ဒိန်းမတ်မှာ ကိုပင်ဟေဂင်အသင်းနဲ့ ယှဉ်ပြိုင်ကစားမည့် ယူနိုက်တက်အသင်းရဲ့ ၂၃ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required