ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်  ၂,၀၀၀ ကျော် အတွက် စားနပ်ရိက္ခာများလိုအပ်နေ

By 008 (မဇ္ဈိမ)
14 November 2023
ဒီပဲယင်းမြို့နယ်တွင် စစ်ဘေးရှောင်  ၂,၀၀၀ ကျော် အတွက် စားနပ်ရိက္ခာများလိုအပ်နေ
ပုံအညွှန်း- ဒီပဲယင်းမြို့နယ်အတွင်းက စစ်ရှောင်စခန်းတစ်ခုတွင် နိုဝင်ဘာ ၁၃ရက်​နေ့က စားနပ်ရိက္ခာအတွက် ငွေကျပ် ၃၀၀,၀၀၀ ကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က လှူဒါန်းနေစဥ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက စစ်ဘေးရှောင် ဦးရေ ၂,၀၀၀ကျော်အတွက် စားနပ်ရိက္ခာ အကူအညီများ လိုအပ်နေ​သည့်အတွက် ဝိုင်းဝန်းကူညီပေးကြရန်  ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

"အခုအခါ စစ်ရှောင်များကူညီရေးမှာ အခက်အခဲရှိလာခဲ့တဲ့ အတွက် ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်"ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို ၂၀၂၂ ခုနှစ်မှ ယခု ၂၀၂၃  နိုဝင်ဘာလအထိ အကြိမ်ကြိမ် စစ်ကြောင်းထိုးနေပြီး ရွာများအား မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ဒေသခံအများစုမှာ နေရပ်ကျေးရွာများထံ မပြန်နိုင်သေးဘဲ စစ်ရှောင်းနေရဆဲဖြစ်သည်။

"စစ်ရှောင်လာသူတွေက များလာတယ်။ လျှော့မသွားဘူး။ အတိုးပဲရှိတယ်။ ကျွန်တော်တို့အဖွဲ့က စစ်ရှောင်စခန်းအားလုံးကို ဆက်တိုက် ကူညီနေတယ်။အဲ ဒီစခန်းတွေမှာ ချက်ပြုတ်ရေးအဖွဲ့တွေရှိတယ်။ စားနပ်ရိက္ခာအတွက်ဆို သူတို့ကို လှူရတယ်"ဟု ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့  တာဝန်ရှိသူက ပြောသည်။

ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့သည် မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများကို ကူညီပေးနေသောအဖွဲ့ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်   ငွေကြေးနှင့် စားနပ်ရိက္ခာများကိုလည်း စစ်ရှောင်များထံ လှူဒါန်းရန် မေတ္တာရပ်ခံထားသည်။ 

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly