တရုတ်၏ လုပ်ရပ်နောက် သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန်တို့ သဘောတူ

By Inquirer.Net
14 December 2023
တရုတ်၏ လုပ်ရပ်နောက် သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဖိလစ်ပိုင်၊ အမေရိကန်နှင့် ဂျပန်တို့ သဘောတူ
DILG အကြီးအကဲ Eduardo Año အားဇန်နဝါရီ 6၊ 2022 တွင်အစိုးရ၏ coronavirus လုပ်ငန်းအဖွဲ့အစည်းအဝေးတစ်ခုအတွင်းတွေ့ရစဉ်

အနောက်ဖိလစ်ပိုင်ပင်လယ်၌ မကြာသေးခင်က တရုတ်၏ လုပ်ရပ်များနောက်တွင် လာမည့်လများအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးစွမ်းရည်၌ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန် ဖိလစ်ပိုင်သည် အမေရိကန်နှင့် ဂျပန်တို့နှင့်အတူ စိတ်ပိုင်းဖြတ် သဘောတူကြသည်။

ဖိလစ်ပိုင်အမျိုးသား လုံခြုံရေးအကြံပေး၊ အက်ဒါဒိုအန်နိုက ဂုဏ်ရည်တူ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး၊ ဂျိတ် ဆူလီဗန်၊ ဂျပန်အမျိုးသားလုံခြုံရေးအကြံပေး အက်ကီဘာတာကီယိုတို့နှင့် ဗုဒ္ဓဟူးနေ့က ဖုန်းပြောဆိုပြီးနောက်တွင် ယခု သဘောတူညီချက် ရရှိခြင်း ဖြစ်သည်။

“ရေပြင်ကြီးစိုးရေး နိုးကြားသတိရှိရာ၌ စွမ်းဆောင်ရည် တည်ဆောက်ရန်၊ ပူးပေါင်းကင်းလှည့်ရန် လူသားချင်း စာနာထောက်ထားရေး အကူအညီများနှင့် သဘာဝဘေး ကယ်ဆယ်ရေးများ မြှင့်တင်ရန် စသည်တို့မှတဆင့် ရေပြင်လုံခြုံရေး၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး သုံးဦးသုံးဖလှယ် ကြိုးစားအားထုတ်သွားရေးကို ဆွေးနွေးခဲ့ကြကြောင်း၊ ဆိုင်ဘာလုံခြုံရေး၊ အရေးပါသော အခြေခံအဆောက်အအုံများ ကာကွယ်ရေးနှင့် စီးပွားရေး လုံခြုံရေးတို့ကိုပါ အမျိုးသားလုံခြုံရေး အကြံပေး သုံးဦးက ဆွေးနွေးခဲ့ကြကြောင်း” ကြာသပတေးနေ့၌ ဖိလစ်ပိုင် အမျိုးသားလုံခြုံရေးကောင်စီက ထုတ်ပြန်သည်။

“ယခု သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များအား လာမည့် လအနည်းငယ်၌ အကောင်အထည် ဖော်နိုင်ရေးအတွက် ဆက်လက်ခိုင်မြဲစွာ ပူးပေါင်းဆောင်ရွက်သွားရေးကို အမျိုးသား လုံခြုံရေး အကြံပေး သုံးဦးတို့ ဆွေးနွေးခဲ့သည်”ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုသို့ ၎င်းတို့ သုံးဦး ဖုန်းဆက်သွယ် ပြောဆိုမှုသည် ပြီးခဲ့သည့် သီတင်းပတ်က တရုတ်၏ ရေအမြောက်များဖြင့်  ဖိလစ်ပိုင်သင်္ဘောများအား အနှောင့်အယှက်ပေးမှု လုပ်ရပ်နောက် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။

စကာဘောရောက်ကမ်းလွန်ရှိ ဖိလစ်ပိုင်တံငါသည်များအတွက် လူသားချင်း စာနာထောက်ထားရေး ပေးပို့သော အရပ်ဘက် သင်္ဘောများကို ဒီဇင်ဘာ ၉ ရက်၌ တရုတ်ကမ်းခြေစောင့် သင်္ဘောများက ရေအမြောက်များဖြင့် ထိုးပက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုပြင် ဒီဇင်ဘာ ၁၃ ရက်တွင်လည်း ထိုနည်းလည်းကောင်း ရေအမြောက်ဖြင့် ထိုးပက်ခြင်းများ ကျူးလွန်ပြန်သည်။

တရုတ်သည် အနောက်ဖိလစ်ပိုင်ပင်လယ်အပါအဝင် တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ဆိုထားသည်။

(မိုးသဲ ဘာသာပြန်သည်။)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required