ကျွန်းစုမြို့တွင် စစ်ရေးတင်းမာပြီး လက်နက်ကြီးပစ်ခတ်နေ၍ ရွာ ၄ ရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

By ကိုရွှေမြိတ်(မဇ္ဈိမ)
14 November 2023
ကျွန်းစုမြို့တွင် စစ်ရေးတင်းမာပြီး လက်နက်ကြီးပစ်ခတ်နေ၍ ရွာ ၄ ရွာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်
ပုံအညွှန်း - ကျေးရွာပုံများတွေ့ရစဉ်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် စစ်ရေးတင်းမားနေမှုကြောင့် ကျေးရွာ လေးရွာက ဒေသခံများ ရွာလုံးကျွတ် မြိတ်မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်တပ်စီ စစ်ကြောင်းက နိုဝင်ဘာလ ၁၁ ရက်နေ့က မြိတ်မြို့နယ်၊ မင်းသန်းကျေးရွာမှ တဆင့်  ကျွန်းစုမြို့နယ် မင်းဂုတ်ကျေးရွာသို့ ဝင်ရောက်လာပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ဒေသခံများ အခုလို ထွက်ပြေးနေရသည်ဟု စစ်ရှောင်နှင့် မြိတ်မြို့ခံများထံမှ သိရသည်။

“အရင်က ရွာတွေကို တော်လှန်ရေး အဖွဲ့တွေက ဝင်လာတာရှိတော့ အခု စစ်တပ်နဲ့ ရွာခံ ပျူတွေနဲ့ပေါင်းပြီး စစ်ကြောင်းထိုးလာတာပါ၊ အခုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ ရှိတယ်”ဟု စစ်ရှောင် ဒေသခံအမျိုးသမီး တဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေသည့် ကျွန်းစုမြို့နယ်ထဲက ဝါရစ်ရွာ၊ စမ်းသစ်ရွာ၊ ပြင်ဝန်းရွာနှင့် မင်းဂုတ်ရွာတို့မှ ဒေသခံများသည် အမြန်ရေယာဉ်ဖြင့် ပြီးခဲ့သည့်ရက်ပိုင်းက မြိတ်မြို့ပေါ်သို့ စစ်ရှောင်နေရခြင်းဖြစ်သည်။

“၁၁ ရက်နေ့ကတော့ တိုက်ပွဲ ဖြစ်ပွားခဲ့တာ ရှိတယ်၊ အခု လက်ရှိကတော့ စစ်တပ်က အင်အားတိုးပြီး ဝင်ရောက်နေလို့ နှစ်ဖက် စစ်ရေး တင်းမာနေတာမျိုးတော့ ရှိနေတယ်”ဟု PDF ရဲဘော် တဦးက ပြောသည်။

ကျွန်းစုမြို့နယ်တွင်းက မင်းဂုတ်၊ ပဲ့တိုင်၊ ပန်းဇင်နှင့် မောင်းလှော်ကျေးရွာတို့သည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ အင်အားကောင်းသည့် ကျေးရွာများလည်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required