ညောင်ခါးရှည် X- Ray ကို အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲကို ငွေပေးနေရ

By YT (မဇ္ဈိမ)
18 November 2023
ညောင်ခါးရှည် X- Ray ကို အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲကို ငွေပေးနေရ
ဓါတ်ပုံ- Crd

ပဲခူးတိုင်း၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာ ရန်ကုန်- မော်လမြိုင်ကားလမ်းပေါ်ရှိ X- Ray စစ်ဆေးရေးဂိတ်တွင် တန်းစီရသည့် ကုန်တင်ယာဉ်များအနေဖြင့် ဂိတ်အမြန်ဖြတ်ရန် ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေကြေးပေးနေရကြောင်း ယာဉ်မောင်းများထံက သိရသည်။

ကားပေါ်တွင် လက်နက် ခဲယမ်း ဒရုန်း စသည့်တော်လှန်ရေးနှင့် ပတ်သက်သည့်ပစ္စည်းများ သယ်ဆောင်လာခြင်း ရှိမရှိ အဓိကစစ်ဆေးသည့်  ညောင်ခါးရှည် X- Ray ဂိတ်တွင် ယခု နိုဝင်ဘာလ ဒုတိယအပတ်မှစတင်၍ အစစ်အဆေးပိုမိုတင်းကျပ်လာသဖြင့် နေ့စဉ် ကုန်တင်ယာဉ် အစီးရေ ရာနှင့်ချီ တန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ယာဉ်ကြောပိတ်ဆို့မှုများကြောင့် X- Ray ဂိတ်အား အမြန်ရောက်လိုသော ကားသမားများအနေဖြင့် လမ်းပေါ်တွင် စောင့်ကျပ်လျက်ရှိသည့် ယာဉ်ထိန်းရဲနှင့် ရဲများမှ တောင်းခံသည့် ငွေ ၃၀,၀၀၀ မှ ၁၀၀,၀၀၀ အထိ ပေး၍ ယာဉ်တန်းအား ကျော်တက်နေရကြောင်း သိရသည်။

" သူတို့က ကားသမားတွေကို လိုက်ညှိတယ်၊ ၃၀,၀၀၀ ပေးတို့ ၊ ၄၀,၀၀၀ ပေးတို့၊ အဲ့ဒီလိုမျိုးညှိပြီးတောင်းပြီး ကျော်ခိုင်းတာတွေရှိတယ်။ တွဲကားသမားတွေဆိုရင် ငှက်ပျောတောတို့ ရထားလမ်းတို့ နေရာလေးခွဲထားတယ်၊ ငှက်ပျောတောအထိ ကျော်မယ်ဆိုရင် ၇၀,၀၀၀ လောက် ပေးရတာတို့ ရထားလမ်းထိဆို ၁၀၀,၀၀၀ လောက် ပေးရတာတို့ လုပ်တာပေါ့" ဟု ကုန်ကားယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

၎င်းတို့ထံ ငွေမပေးဘဲ ကားတန်းအား ကျော်တက်ပါက ယာဉ်မောင်းအား လိုင်စင်သိမ်းခြင်း၊ ဒဏ်ငွေရိုက်ခြင်းတို့ ပြုလုပ်နေကြောင်းလည်း သိရသည်။

ယခင်ကာလများကလည်း X- Ray ဂိတ်အနီးရှိ ငှက်ပျောတောတွင် စောင့်ကျပ်နေသည့် ယာဉ်ထိန်းရဲကို ငွေကျပ် ၁၀,၀၀၀ ၊ ရထားသံလမ်းတွင် စောင့်သည့် ရဲကို ၅,၀၀၀ ကျပ်ပေး၍ ကားတန်းအား ဆက်တိုက်ကျော်တက်ခွင့်ပြုသည့် ဈေးကွက်ပေါ်ပေါက်ခဲ့သေးပြီး နောက်ပိုင်းတွင် ထိုကဲ့သို့ ဖြတ်သန်းခွင့် မပြုတော့ကြောင်း သိရသည်။

" အရင်က သူတို့ ဌာနဆိုင်ရာ ကားတန်းတွေ ပေးသွားနေတဲ့အချိန်တုန်းကဆိုရင် လက်ယာကြိုးကွင်း (ငှက်ပျောတောပတ်ချာလည်)ပေါ့၊ အဲ့ဒီမှာ မော်တော်ပီကယ်က ဖောကားတစီးကို ၁၀,၀၀၀ တောင်းတယ်။ အဲ့ဒီကနေ ဆက်မောင်းရင် သံလမ်းရောက်ရင် ရဲက ၅,၀၀၀ တောင်းတယ်။ အဲ့ဒီလို ၁၅,၀၀၀ လောက်ပေးရင် ကျော်လို့ရတယ်။ အခုနောက်ပိုင်းကျတော့ အဲ့ဒါတွေကို ပိတ်လိုက်တော့ အဲ့ဒီလိုပေးမကျော်တော့ဘဲနဲ့ ခိုးကျော်တဲ့ကောင်ကို ဖမ်းပြီး ဒဏ်ငွေရိုက်တာ၊ ထုတာထောင်းတာ ထိုးတာကြိတ်တာ သေနတ်ဒင်နဲ့ ကားတွေကိုထုတာ လူတွေကို ထုတာ အများကြီးပဲ အဲ့လိုတွေ ရှိတယ်"ဟု ရန်ကုန်- မော်လမြိုင် ယာဉ်မောင်းတဦးက မဇ္ဈိမကိုပြောသည်။

ယာဉ်မောင်းများအနေဖြင့်လည်း X- Ray ဂိတ်​၏  ယာဉ်ပိတ်ဆို့မှု အခြေအနေသည် ညအိပ်ရသည်အထိ ကြာလွန်း၍ X- Ray ဂိတ်အမြန်
ဖြတ်ရရေး ယာဉ်ထိန်းရဲနှင့် ရဲများကို ငွေပေးနေရကြောင်း သိရသည်။

" ကျွန်တော်တို့လည်း အမှန်အတိုင်းပြောရရင် ရရင် ဖြတ်မှာပဲ၊ ဘာလို့လဲဆိုတော့ အဲဲ့ဒီဂိတ်မှာက ညအိပ်တွေ တိုးရတာကိုး၊ မတိုးနိုင်ဘူးလေ။ ကားစက်နှိုးလိုက် နည်းနည်းတိုးလိုက် နည်းနည်းတိုးလိုက်ဆိုတော့ တခါတလေ ညအိပ်တိုးရတာတွေ ရှိတယ်။ အသွားတည အပြန်တည အိပ်ရတာတွေရှိတယ်။ တခါတလေကျတော့လည်း သူတို့ ၃၀,၀၀၀ လောက်နဲ့ ညှိတော့လည်း ပေးပြီးသွားကြတဲ့ကားတွေလည်း ရှိတာပေါ့" ဟု ကုန်ကားယာဉ်မောင်းက မဇ္ဈိမကို ဆက်လက်ပြောဆိုသည်။

X- Ray ဂိတ်တွင် ကားများ နေ့စဉ် ပိတ်ဆို့နေရခြင်းသည် စစ်ကောင်စီတပ်သားများ၊ ရဲများ၊ ယာဉ်ထိန်းရဲများ​၏ ငွေကြေးရှာဖွေရန် ပြုလုပ်နေမှုများသာဖြစ်ကြောင်း ယာဉ်မောင်းတဦးက မှတ်ချက်ပြုသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required