ထိုင်းပြည်သူများကန့်ကွက်သောကြောင့်  ခရီးသွားဧည့်သည်များလာရောက်သည့်နေရာများ၌ တရုတ်ရဲများ ကင်းလှည့်မည့်အစီအစဉ်ကို မလုပ်ကြာင်း ငြင်းဆို

ထိုင်းပြည်သူများကန့်ကွက်သောကြောင့်  ခရီးသွားဧည့်သည်များလာရောက်သည့်နေရာများ၌ တရုတ်ရဲများ ကင်းလှည့်မည့်အစီအစဉ်ကို မလုပ်ကြာင်း ငြင်းဆို

ခရီးသွားအာဏာပိုင်အဖွဲ့၏ ပြောကြားချက်ကို ပြည်သူများက ဒေါသတကြီး တုံ့ပြန်မှုကြောင့် ထိုင်းပြည်တွင်းရှိ ကမ္ဘာလှည့်ခရီးသွားများဖြင့် စည်ကားသည့် နေရာများတွင် တရုတ်ရဲများကို ကင်းလှည့်ရေးအတွက် ဖိတ်ခေါ်ရန် အစီအစဉ်မရှိကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောကြားလိုက်သည်။ 

ထိုင်းနိုင်ငံတွင် လှုပ်ရှားနေသည့် ရာဇ၀တ်မှုကွန်ရက်များအကြောင်း သတင်းဖလှယ်ရေးအတွက်သာ တရုတ် ရဲများနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ယင်းကြောင့် တရုတ်ခရီးသွားများ၏ ယုံကြည်မှုကို တိုးမြင့်လာစေနိုင် ကြောင်း ဆရက်သာက နိုဝင်ဘာ ၂၀ရက်က ဆန်ဖရန်စစ္စကိုသို့ ခရီးစဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ 

ယင်းပူးပေါင်းဆောင်ရွက်မှုတွင် ထိုင်းတွင် တရုတ်ရဲတပ်ဖွဲ့ဝင်များကို ထားရှိခြင်း မပါဝင်ကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံ၏ ခရီးသွားလာရေးအာဏာပိုင်အဖွဲ့ အုပ်ချုပ်ရေးမှူး ခက်ဘိုင်ဖွန်က ကင်းလှည့်ခြင်း အစီအစဉ်နှင့် ပတ်သက်၍ တရုတ်နှင့် ဆွေးနွေးနေကြောင်း နိုဝင်ဘာ ၁၉ရက်တွင် သတင်းထောက်များအား ပြောကြား ခဲ့ခြင်းကြောင့် ထိုင်းလူမျိုးများအကြား အချုပ်အခြာအာဏာနှင့် ပတ်သက်၍ စိုးရိမ်မှုများ ထွက်ပေါ်လာချိန်တွင် ဝန်ကြီးချုပ် ဆရက်သာ၏ မှတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်သွယ်ရေးပြဿနာကြောင့် နားလည်မှု လွဲရခြင်းဖြစ်ကြောင်း ဆရက်သာက ပြောကြားခဲ့သည်။ 

ခရီးသွားများအတွက် ယုံကြည်မှုတည်ဆောက်ရန် ထိုင်းတွင် အခြားနည်းလမ်းများစွာရှိပြီး ပူးတွဲကင်းလှည့်မှု များ ပြုလုပ်မည်မဟုတ်ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီး ဆူဒါဝမ်က သတင်းထောက်များအား နိုဝင်ဘာ ၂၁ရက်တွင် ပြောကြားခဲ့သည်။ 

“ထိုင်းရဲအင်အားအလုံအလောက်ရှိပြီး ယုံကြည်မှုပြန်လည်ရရှိဖို့ ကြိုးစားလုပ်ဆောင်နေပါတယ်” ဟု ဆူဒါဝမ်က ပြောကြားခဲ့သည်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုန်တိုက်ကြီးတစ်ခုတွင် အောက်တိုဘာလက တရုတ်အမျိုးသားတစ်ဦး အပါ အဝင် လူနှစ်ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုအပြီး လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချမှတ်ထားကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ 

ကပ်ရောဂါမဖြစ်ပွားမီ ထိုင်းသို့ လာရောက်သည့် နိုင်ငံခြားသား ခရီးသည်များအနက် တရုတ်ခရီးသွားများမှာ အများဆုံးဖြစ်ခြင်းကြောင့် အထူးသဖြင့် တရုတ်ဧည့်သည်များအကြားတွင် ယုံကြည်မှုပြန်လည်ရရှိရေးသည် ထိုင်းခရီးသွားလုပ်ငန်းအတွက် အရေးကြီးသည်။

၂၀၁၉ ခုနှစ်တွင် ထိုင်းသို့ နိုင်ငံခြားခရီးသွား ၃၉ ဒသမ ၉ သန်း စံချိန်တင်ဝင်ရောက်ခဲ့ရာ တရုတ်သွား ၁၁ သန်း ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် လာရောက်မှု ကျဆင်းခဲ့သည်။ 

၂၀၂၃ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံခြားခရီးသည် ၂၃ ဒသမ ၂ သန်း ဝင်ရောက်ခဲ့သည်။ စက်တင်ဘာလတွင် ထိုင်းအစိုးရက တရုတ်ပြည်မကြီးမှ ခရီးသွားများကို ဗီဇာ ငါးလ ကင်းလွတ်ခွင့်ပြုခဲ့ပြီး အိန္ဒိယနှင့် ထိုင်ဝမ်မှ ခရီးသွားများကို နိုဝင်ဘာလမှ ၂၀၂၄ခုနှစ် မေလအထိ ဗီဇာကင်းလွတ်ခွင့် သက်တမ်းတိုးပေးခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required