ဘင်္ဂလားဒေ့ရှ်တွင် ‘ပြင်းထန်ကြမ်းကြုတ်သည့်’ ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူအမြောက်အမြား ဖမ်းဆီးခံရဟု HRW ပြော

ဘင်္ဂလားဒေ့ရှ်တွင် ‘ပြင်းထန်ကြမ်းကြုတ်သည့်’ ဖြိုခွင်းနှိမ်နင်းမှုအတွင်း လူအမြောက်အမြား ဖမ်းဆီးခံရဟု HRW ပြော
Photo: EPA

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့သည် တက်ကြွလှုပ်ရှားသူ ၁၀,၀၀၀ နီးပါးကို ဖမ်းဆီးခြင်း အပါအဝင် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပြိုင်ဘက်များအပေါ် ဖယ်ရှားရန် အတိုက်အခံပါတီများအပေါ် ပြင်းထန်ကြမ်းကြုတ်ပြီး သိမ်းကျုံးလုပ်ဆောင်သည့် ဖြိုခွင်းနှိမ်နင်းမှုတရပ်ကို လုပ်ဆောင်ခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က နိုဝင်ဘာ ၂၇ ရက်တွင် ပြောသည်။

ဖမ်းဆီးခံရသူ အမြောက်အမြားအပြင် အဓိကအတိုက်အခံပါတီ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (BNP) မှ ပါတီဝင်အများအပြားသည် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

ပါတီဝင် ငါးသန်းအနက် ထက်ဝက်ခန့်သည် နိုင်ငံရေးအရ အရင်းခံသည့် တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည်ဟု BNP ပါတီထံမှ သိရကြောင်း HRW က ပြောသည်။

“ဖမ်းဆီးမှုတွေမှာဆိုရင် အကြီးတန်းလယ်ဗယ်ကနေ အောက်ခြေလယ်ဗယ်အထိ သူတို့ဟာ ဘယ်သူ့ကိုမှ ချန်မထားပါဘူး” ဟု တက်ကြွလှုပ်ရှားသူတဦးက HRW ကို ပြောသည်။လက်ရှိတွင် အကျဉ်းထောင်များသည် ယင်းတို့၏ ဝင်ဆံ့မှု၏ နှစ်ဆကျော် ဖြစ်နေပြီဟု လူ့အခွင့်အရေးအဖွဲ့က ပြောသည်။

လူဦးရေ သန်း ၁၇၀ ခန့် ရှိသည့် တောင်အာရှနိုင်ငံသည် ဇန်နဝါရီ ၇ ရက်တွင် အထွေထွေရွေးကောက်ပွဲတရပ် ကျင်းပမည် ဖြစ်ပြီး ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာသည် သက်တမ်း လေးဆက်မြောက်အဖြစ် အာဏာဆက်လက်ရယူရန် ကြိုးပမ်းနေသည်။

“ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဟာ နိုင်ငံရေးအတိုက်အခံတွေကို အစုအပြုံလိုက် ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်။ ဒါဟာဆိုရင် ရွေးကောက်ပွဲမတိုင်ခင်မှာ အတိုက်အခံတွေကို နှိမ်နင်းဖို့နဲ့ ပြိုင်ဘက်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းမှုတခု ဆိုတာ ရှင်းလင်းနေပါတယ်” ဟု HRW က ပြောသည်။

ယင်းကို “လူတဦးတည်း ဩဇာဖြင့် စီမံလုပ်ကိုင်သည့် ရက်စက်ကြမ်းကြုတ်သည့် ဖြိုခွင်းနှိမ်နင်းမှု” ဟု နယူးယော့ခ် အခြေစိုက် HRW က ပြောသည်။ အောက်တိုဘာလက ဆန္ဒပြမှုများ အရှိန်မြင့်ဖြစ်ပေါ်ပြီးနောက် ရဲနှစ်ဦး အပါအဝင် လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့သည်ဟုလည်း ပြောသည်။လူ ၅,၅၀၀ ကျော် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

HRW ၏ အစီရင်ခံစာအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က လက်တလော တုံ့ပြန်မှု မရှိသော်လည်း ဖမ်းဆီးခံရသူများသည် ပြင်းထန်သည့် ပြစ်မှုများအတွက် တရားစီရင်မှုကို ရင်ဆိုင်ရသင့်ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တို့က ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly