မြန်မာတိုက်ပွဲများ အပစ်ရပ်ရေး တရုတ်က တောင်းဆိုပြီး နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဟု ဆို

By Yahoo News/ AP
27 November 2023
မြန်မာတိုက်ပွဲများ အပစ်ရပ်ရေး တရုတ်က တောင်းဆိုပြီး နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများ ဆက်လုပ်မည်ဟု ဆို

ပြီးခဲ့သည့်လ မြန်မာ၏ တရုတ်နှင့် နယ်စပ်တလျောက်ရှိ နယ်စပ်ဖြတ်ကျော်နေရာတချို့ကို မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက သိမ်းယူထားပြီးနောက် မြန်မာတွင် အပစ်ရပ်စဲရေး တရုတ်က တောင်းဆိုသည်။

သို့သော် အရေးပေါ်အခြေအနေတိုင်းအတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က အသင့်ဖြစ်နေစေရန်အလို့ငှာ စစ်တပ်တပ်ဖွဲ့များ၏ ရွေ့လျားနိုင်စွမ်း၊ နယ်စပ် ထိန်းချုပ်မှု လုပ်နိုင်စွမ်းများနှင့် ပစ်ခတ်တိုက်ခိုက်နိုင်စွမ်းများကို စမ်းသပ်ရန် ရည်ရွယ်သည့် နယ်စပ်၏ တရုတ်ဘက်ခြမ်း၌ ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုများကို တရုတ်အနေဖြင့် ဆက်လုပ်သွားမည် ဖြစ်ကြောင်း တရုတ်စစ်တပ် သတင်းစာ PLA Daily က နိုဝင်ဘာ ၂၆ ရက်တွင် ဖော်ပြသည်။

မြန်မာသည် အထူးသဖြင့် ထုတ်ကုန်ပစ္စည်းများ တင်သွင်းခြင်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ခြင်းအတွက် တရုတ်နှင့် ကုန်သွယ်မှုအပေါ် အကြီးအကျယ် မှီခိုရသည်။ မြန်မာ၏ နယ်စပ်ဒေသရှိ မငြိမ်မသက်မှုတို့က တရုတ်အတွက် အမြဲတစေ ကသိကအောက်ဖြစ်စေသည်။ တရုတ်သည် ၂၀၂၁ ခုနှစ်က ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်ခေါင်းဆောင်များကို ထောက်ခံမှု ပေးထားခဲ့သည်။

မည်သို့ဆိုစေ မူးယစ်ဆေးဝါး ကုန်ကူးမှုနှင့် လူကုန်ကူးမှုတို့ ထူပြောနေသည့် နှစ်နိုင်ငံနယ်စပ်တွင် ပဋိပက္ခများ ဖိတ်စင်ကူးစက်မည့်အပေါ် တရုတ်က အလွန်ပင် စိုးရိမ်နေသည်။ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် ဆိုက်ဘာမှုခင်းများက အဓိက စိုးရိမ်ပူပန်စရာ ဖြစ်လာပြီး မြန်မာနှင့် အခြားနိုင်ငံများ၌ အခြေစိုက်သည့် ဆိုက်ဘာမှုခင်းအဖွဲ့များကို အမြစ်ဖြတ်ရှင်းလင်းရန်နှင့် ကျူးလွန်သူများကို တရားစွဲတင်နိုင်ရေး တရုတ်သို့ ပြန်ပို့စေရန် တရုတ်က တွန်းအားပေးလုပ်ဆောင်ထားသည်။

“မြန်မာရှိ ပဋိပက္ခများနှင့်ပတ်သက်ပြီး တရုတ်အနေဖြင့် လွန်စွာ စိုးရိမ်ပူပန်နေသည့်အတွက် အပစ်ရပ်စဲရေးနှင့် အခြေအနေကို ထပ်မံ အရှိန်မြင့်တက်ခြင်းမှ တားဆီးရန် ငြိမ်းချမ်းသည့် ဆွေးနွေးမှုများ စတင်ရေး သက်ဆိုင်သူအားလုံးကို တိုက်တွန်းသည်” ဟု PLA Daily က ပြောသည်။

PLA အနေဖြင့် နယ်စပ်ဒေသများတွင် နေထိုင်သော ပြည်သူများ၏ အသက်အိုးအိမ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် နယ်စပ်လုံခြုံရေးကို စောင့်ရှောက်ရန်လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် စနေနေ့က စတင်သည့် ကျည်အစစ်ဖြင့် လေ့ကျင့်မှုများက တရုတ်တပ်ဖွဲ့ဝင်များ၏ နိုးနိုးကြားကြား ရှိမှုနှင့် တာဝန်ယူမှု အသိတရားကို မြှင့်တင်ရာ ရောက်ပြီး နောက်ထပ် ရက်များကြာ ဆက်လက်လေ့ကျင့်သွားမည် ဖြစ်ကြောင်း PLA သတင်းစာတွင် ပြောသည်။

အနည်းဆုံး မြို့သုံးမြို့ကို လက်လွှတ်ဆုံးရှုံးထားရသည်ဟု မြန်မာစစ်ကောင်စီက ဝန်ခံထားပြီး တိုက်ပွဲများက တရုတ်နှင့် တရားဝင်နယ်စပ်ကုန်သွယ်မှု အားလုံးနီးပါးကို ရပ်တန့်ထားစေပုံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required