တိုက်ကြီးမြို့အနီး  မြေငလျင်လှုပ်၊ ထိခိုက်မှုမရှိ 

By ရောင်နီ (မဇ္စျိမ)
24 November 2023
တိုက်ကြီးမြို့အနီး  မြေငလျင်လှုပ်၊ ထိခိုက်မှုမရှိ 
ပုံအညွှန်း - ပြီးခဲ့သည့် ဇွန်လက ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးမှု ဖြစ်ပွါးခဲ့သည့် မြင်ကွင်း။ (ပုံ - လူမှုကွန်ယက်)

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၂၃ ရက်နေ့ ညက သိသာသည့် မြေငလျင်တကြိမ်လှုပ်ရှားခဲ့ပြီး ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။ 

ယမန်နေ့ ည ၉ နာရီခန့်တွင် တိုက်ကြီးမြို့၏ အရှေ့- အရှေ့မြောက်ဘက် ကိုးမိုင်ခန့်အကွာကို ဗဟိုပြု၍  ရစ်ခ်တာစကေး ၄ဒသမ ၃အဆင့် ငလျင်လှုပ်ရှားသွားကြောင်း စစ်ကောင်စီ၏ မိုးဇလဌာနကသတင်းထုတ်ပြန်သည်။ 

“ ညက အိပ်တော့မလို့ အိပ်ယာထဲဝင်နေတဲ့အချိန် ဖြစ်တာပါ။ ငလျင်လှုပ်တာကို သိလိုက်ပါတယ်။ ဒီဘက်မှာတော့ အထိအခိုက်ရှိတယ်ဆိုတာမျိုး အသံမကြားပါဘူး” ဟု တိုက်ကြီးမြို့ ဒေသခံတဦးကပြောသည်။ 

ငလျင်လှုပ်ရှားမှုကို တိုက်ကြီးမြို့နယ်အပြင် လှည်းကူးနှင့် မှော်ဘီမြို့နယ်တွင်လည်း  သိရှိခံစားလိုက်ရကြောင်း ဒေသခံများက လှုမှုကွန်ရက်တွင် ရေးသားမျှဝေနေကြသည်။

" ဒီနှစ်ထဲမှာဆို ငလျင်လှုပ်တာ လေးခါလောက်ရှိပြီဆိုတော့ နည်းနည်းလေးတော့ စိပ်လာတယ်။ ငလျင်ကြောင့် ထိခိုက်ပျက်စီးတာတော့ သတင်းတက်လာတာ မရှိပါဘူး” ဟု လှည်းကူးမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောသည်။ 

ယခုနှစ် ၂၀၂၃ ခုနှစ်အတွင်း လှည်းကူးနှင့် တိုက်ကြီးမြို့အနီးပတ်ဝန်းကျင်တွင်လည်း ငလျင်များမကြာခဏလှုပ်ရှားနေသည်။ တိုက်ကြီးမြို့တွင် ၂၀၁၇ ခုနှစ် မတ်လ ၁၃ရက်က ရစ်ခ်တာစကေစ ၅ဒသမ ၈အဆင့်ငလျင်လှုပ်ရှားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၂ဝကျော် ဒဏ်ရာရရှိခဲ့သည်။ အဆောက်အအုံအချို့လည်းပျက်စီးခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly