မြန်မာနယ်စပ်မှာ တရုတ်ဘက်က ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်

By မဇ္ဈိမ 
27 November 2023
မြန်မာနယ်စပ်မှာ တရုတ်ဘက်က ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်

တရုတ်-မြန်မာ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းမှာ ကျည်အစစ်နဲ့ ပစ်ခတ်မယ့် စစ်ရေး လေ့ကျင့်ခန်းတွေကို နိုဝင်ဘာ ၂၅ ရက်မှာ စတင်ပြုလုပ်ခဲ့ကြောင်း တရုတ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ထုတ်ဖော်ပြောကြားခဲ့တယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်အကြား တရုတ်-မြန်မာနယ်စပ် တစ်လျှောက် နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ တရုတ်ဘက်က စစ်ရေး လေ့ကျင့်မှုတွေလုပ်ဖို့ စတင်လာတာပါ။
လက်ရှိမှာ မြန်မာ-တရုတ် နယ်စပ်‌တည်ငြိမ်ရေးနဲ့ တောင်ပိုင်းစစ်ဌာနချုပ်တပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုစွမ်းရည်မြှင့်တင်ရေး တို့အတွက် ရည်ရွယ်ကာ  နှစ်စဉ်ပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ခန်း အစီအစဉ်အရ မြန်မာနဲ့  နယ်စပ်ချင်းထိစပ်နေတဲ့ နယ်စပ်ဒေသမှာ ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မယ့် အစီအစဉ်တွေပါဝင်တဲ့ စစ်ရေးလေ့ ကျင့်ခန်းကို ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၄ ရက်နေ့က တရုတ်-မြန်မာနယ်စပ်မှာ ကုန်ပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကား ရာနဲ့ချီမီးလောင်ပျက်စီးတွေ ဖြစ်ပွားပြီးနောက် တရုတ်စစ်တပ်ဘက်က စစ်ရေးလေ့ကျင့်မယ့်အကြောင်း ထုတ်ပြန်လာတာပါ။
မြန်မာစစ်တပ်ဘက်ကတော့ ကုန်တင်ကားတွေ မီးလောင်မှုဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လက်ချက်လို့ စွပ်စွဲထားပြီး ဒီဖြစ်စဉ်ဟာ တရုတ်နိုင်ငံအတွင်း မလုံခြုံမှုဖြစ်တဲ့အခြေအနေကို ရောက်ရှိနေသလို မြန်မာစစ်တပ်နဲ့ တရုတ်တို့ကြား တင်းမာမှုတွေ ရှိလာခဲ့တာပါ။
တရုတ်ဘက်က ဒီစစ်ရေးလေ့ကျင့်မှုကို ပုံမှန်စစ်ရေးလေ့ကျင့်မှုလို့ အသိပေးထားပေမယ့် တိုက်ပွဲတွေ ပြင်းထန်လာတဲ့အချိန်မှာ အခုလို ဆောင်ရွက်မှုအပေါ် အကဲခတ်တွေကတော့ စိတ်ဝင်တစား စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းစစ်ဒေသကြီးရဲ့ ဒီစစ်ရေးလေ့ကျင့်မှုမှာတော့ တပ်ဖွဲ့ဝင်အရေအတွက် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီတပ်နဲ့အတူ နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို လက်တွဲဆောင်ရွက်မှာဖြစ်ပြီး တရုတ်ရေတပ် စစ်သင်္ဘော တွေလည်း မြန်မာနိုင်ငံကို မကြာခင်လာရောက်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အခုစစ်ရေးလေ့ကျင့်မှုမတိုင်ခင်ကတော့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ဒုတိယဌာနချုပ်မှူး Vice Admiral Liu Zizhu ဟာ စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
တောင်ပိုင်းစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် က မြန်မာ အပါအဝင် လာအို၊ ဗီယက်နမ် နဲ့ တောင်တရုတ်ပင်လယ်အရေးကို ကိုင်တွယ်ရတဲ့ အရေးကြီးတဲ့ စစ်ရေးဌာနချုပ်ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်အနီး စစ်ရေးလေ့ကျင့်နေချိန်နဲ့ အချိန်ကိုက်ဖြစ်တဲ့ နိုဝင်ဘာ (၂၅) ရက်နေ့မှာ တရုတ် - မြန်မာ နှစ်နိုင်ငံ နယ်စပ်မျဉ်း မိုင်တိုင်အမှတ် ၁၂၇ အနီး နယ်စပ်ခြံစည်းရိုးအနီးကို ရောက်နေတဲ့ စစ်ဘေးရှောင်များကို တရုတ်စစ်တပ်က မျက်ရည်ယိုဗုံးများဖြင့် ကြဲချကာ မောင်းထုတ်ခဲ့ကြောင်း စစ်ဘေးရှောင် ဒေသခံများထံမှ သိရပါတယ်။
မြန်မာနိုင်ငံက ကျယ်ပြန့်လာတဲ့ ပြည်တွင်းပဋိပက္ခတွေကို ချက်ချင်းရပ်ဆိုင်းဖို့ တရုတ်စစ်တပ်အာဘော် PLA ပြည်သူ့လွတ်မြောက်ရေး နေ့စဉ်သတင်းစာကလည်းတိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခတွေကို တရုတ်နိုင်ငံက အနီးကပ်အာရုံစိုက်နေပြီး သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ချက်ချင်းအပစ်ရပ်ဆိုင်းရုံမက အခြေအနေတွေ အရှိန်မြင့်လာမှာကို ရှောင်ရှားနိုင်အောင် ငြိမ်းချမ်းတဲ့နည်းနဲ့ စေ့စပ်ဆွေးနွေးဖို့လည်း တိုက်တွန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly