ပျော်ဘွယ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် သေနတ်ဖြင့် ပစ်ခတ်ခံရ

By 008 (မဇ္ဈိမ)
20 November 2023
ပျော်ဘွယ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် သေနတ်ဖြင့် ပစ်ခတ်ခံရ

မန္တလေးတိုင်း၊  ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့တွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊တရားလွှတ်တော်ရှေ့နေ လည်းဖြစ်သူ ဦးစံထွန်း  သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံတဦးက မဇ္ဈိကိုပြောသည်။

ပျော်ဘွယ်မြို့၊ရွှေပြည်ရန်နိုင်ရပ်ကွက်တွင်နေထိုင်သူ  ဦးစံထွန်းသည်  နိုဝင်ဘာ ၁၉ရက်၊ ညနေ ၆နာရီခန့်က နေအိမ်တွင် ရှိနေစဉ် အမျိုးသား နှစ်ဦးသည် အမှုအပ်ချင်သည်ဟုဆိုကာ ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခြင်းဖြစ်‌ေကြာင်း သိရသည်။

"အမှုအပ်ချင်လို့ဆိုပြီး ဦးစံထွန်းကိုခေါ်တယ်။ဦးစံထွန်း အိမ်တံခါးဖွင့်နေတုန်း ဖောင်း ဖောင်းဆို နှစ်ချက်ပစ်သွားတာပဲ။သေ၊မသေတော့ ကျွန်တော်လည်း မသိဘူး။နေရာတင် ခွေခွေလေးပဲ"ဟု မျက် မြင်တွေ့ရှိလိုက်သည့် ဒေသခံတဦးကပြောသည်။

ဦးစံထွန်းသည် တာဝန်ထမ်းဆောင်ရာ ရမည်းသင်းမြို့မှ ပျော်ဘွယ်မြို့ နေအိမ်သို့ ရုံးပိတ်ရက် များတွင် ပြန်လာလေ့ရှိပြီး အမှုများလက်ခံကာ ရှေ့နေ လိုက်ပေးတတ်သူလည်း ဖြစ်ကြောင်း ဒေသခံတဦးကဆိုသည်။

"ဒီမှာ သူလာတဲ့အချိန် အမှုလာအပ်တာတွေရှိတယ်လေ။ သူကလက်ခံပြီး သူ့တပည့်ရှေ့နေတွေက လိုက်ပေးကြတယ်။ သူလည်း လိုက်တဲ့အခါ လိုက်ပေးတာတွေရှိတယ်"ဟု  ဒေသခံတဦးကပြောသည်။

အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့ကြောင်း မသိရသေးသလို မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သေနတ်ဖြင့် အပစ်ခံရသူ ဦးစံထွန်းမှာ ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့တွင် ပျော်ဘွယ် ပြည်သူ့ဆေးရုံမှ မိတ္ထီလာမြို့ရှိ အမှတ်(၁)စစ်ဆေးရုံ(ကုတင် ၅၀၀)၌ ပို့ဆောင်ကုသနေကြောင်းသိရသည်။

လက်ရှိတွင် စစ်​ကောင်စီတပ်ဖွဲ့က ပျော်ဘွယ်မြို့အဝင်၊အထွက်လမ်းများတွင် တားဆီးစစ်ဆေးမှုများပြုလုပ်နေပြီး မြို့တွင်းရှိ တည်းခိုးခန်းများကို ဝင်ရောက်စစ်ဆေးနေကြောင်းသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required