ကနီမြို့နယ် စစ်ကောင်စီ ဆက်သွယ်ရေး စခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်

By လွှမ်းမိုး(မဇ္ဈိမ)
24 November 2023
ကနီမြို့နယ် စစ်ကောင်စီ ဆက်သွယ်ရေး စခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်
ပုံ- လာပို့ စစ်စခန်းမှ သိမ်းဆည်းရမိသည့် ပစ္စည်းများ ၊ ဓာတ်ပုံ-Alpha စစ်ကြောင်း

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ် ၊ ဆည်ရွာချောင် ၊ လာပို့ ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေး စခန်းကုန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နိုဝင်ဘာ ၂၂ ရက် နံနက် ၆ နာရီ မိနစ် ၂၀ ခန့်တွင် စတင်ဝင်ရောက်တိုက်ခိုက်  သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း  ခရိုင်ပကဖ ဒုတာဝန်ခံ ကိုမိုးကောင်းက ပြောသည်။

ယင်းဆက်သွယ်ရေး စခန်းကုန်းသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) နှင့် ကလေး ခရိုင်တို့ကို ဆက်သွယ်ရာတွင် အရေးပါသည့် ဆက်သွယ်ရေး စခန်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။

အဆိုပါ စခန်းကုန်းကို တရက်ကြာ တိုက်ခိုက်ပြီး နောက် သိမ်းပိုက်ရရှိခဲ့ကြောင်း ယင်းမာပင် ခရိုင် အမှတ်(၂ )တပ်ရင်း ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ စစ်ကောင်စီိတပ်သားတွေက စခန်းရဲ့ မီတာ ၂၀၀ ပတ်လည်ကို မိုင်းခင်းထားပြီး ကုန်းထိပ်ကနေ ခံစစ်ပြင် ခုခံခဲ့တာ ဖြစ်ပါတယ်။ ရန်သူ့ ဘန်ကာ ၁၀ ခုလောက်ကို သာလွန်အင်အားနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီး စခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆက်သွယ်ရေး စခန်းကုန်းသည် ဗျူဟာကျ တည်ဆောက်ထားသည့် စခန်းကုန်း တစ်ခုဖြစ်ကြောင်း ခရိုင်ပကဖ ဒုတာဝန်ခံ ကိုမိုးကောင်းက မဇ္ဈိမကို ပြောသည်။

“ စခန်းကုန်းက တော်တော်လေးမတ် ပြီးမြင့်တယ် ။ စစ်ကောင်စီတပ်က စခန်း ကုန်းပေါ်မှာ ပတ်လည် ခံစစ်ပြင်ဆင်ပြီး ခုခံတယ်။ စခန်းအတွင်း ဥမင်လှိုဏ်‌ေခါင်းဟာ အခန်းပေါင်း ၂၀ လောက် ပါရှိပြီး  ကွန်ကရစ်များဖြင့် ကျကျနန တည်ဆောက်ထားတဲ့ စစ်ဗျူဟာကုန်း တခုလည်း ဖြစ်ပါတယ်” ဟု ၎င်း က ဆိုသည်။

တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ရွာအစပ် ခင်တန်းတလျှောက်ကို နှစ်ကြိမ်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး  ဒေသခံပြည်သူ ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း Alpha စစ်ကြောင်းထံက သိရပါသည်။

ထို တိုက်ပွဲအတွင်း ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ ရဲဘော် နှစ်ဦးကျဆုံးကာ ကိုးဦး ဒဏ်ရာ ရရှိခဲ့ပြီး  စစ်ကောင်စီတပ်သား သေဆုံးမှုများရှိကာ စခန်းကို စွန့်ခွာထွက်ပြေးသွားသူများ လည်းရှိခဲ့ကြောင်း Alpha စစ်ကြောင်းထံက သိရပါသည်။

အဆိုပါ စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများထံမှ MA သေနတ် တလက် ၊ လက်နက်ခဲယမ်းများ နှင့် ဆက်သွယ်ရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း Alpha စစ်ကြောင်းထံက သိရပါသည်။

ထိုတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဦးဆောင်မှုဖြင့် ယင်းမာပင် ခရိုင် အမှတ်(၂ )တပ်ရင်း ၊ အမှတ်(၁၇) တပ်ရင်း ၊ အမှတ်(၁၈) တပ်ရင်း၊ ဆားလင်းကြီးမြို့နယ် စစ်ကြောင်း ၊ Alpha စစ်ကြောင်းနှင့် ဒေသခံ ပကဖ တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly