CDF Hualngoram ထိန်းချုပ်မှုအောက်တွင် ဟွားလ်ငိုးဒေသ ပညာရေးရုံးဖွင့်လှစ်

By ကိုခင်မောင်(မဇ္စျိမ)
24 November 2023
CDF Hualngoram ထိန်းချုပ်မှုအောက်တွင် ဟွားလ်ငိုးဒေသ ပညာရေးရုံးဖွင့်လှစ်
ဟွားလ်ငိုးဒေသ ပညာရေးရုံးဖွင့်ပွဲ ၊ ဓာတ်ပုံ- Chinland Defense Force - Hualngoram

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့အတွင်းရှိ Chinland Defense Force -Hualngoram ထိန်းချုပ်မှုအောက်တွင် ဟွားလ်ငိုးဒေသ ပညာရေးရုံးအား အောင်မြင်စွာဖွင့်လှစ်နိုင်သည်ဟု Chinland Defense Force -Hualngoramအဖွဲ့က နိုဝင်ဘာလ ၂၂ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် ၊ ဧပြီလတွင် ဖွဲ့စည်းထားသည့် ပညာရေးဦးဆောင်ကော်မတီ ( Education Working Committee - EWC )အဖွဲ့ဝင်များက ပညာရေးရုံးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဟွားလ်ငိုးဒေသ ပညာရေးရုံးကို Chinland Defense Force -Hualngoram၏ ဌာနချုပ်စခန်းဧရိယာတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၂၂ရက် နံနက်ပိုင်းတွင် ဖိတ်ကြားထားသည့် ဧည့်သည်တော်အယောက် ၂၀၀ကျော်ဖြင့် ပညာရေးရုံးဖွင့်ပွဲ အခမ်းအနား စီစဥ်ဆောင်ရွက်ခဲ့ကြသည်ဟု ဟွားလ်ငိုးဒေသ ပညာရေး ဦးဆောင်ကော်မတီမှ တာဝန်ခံဆရာ စီထန်းကီးမာက မဇ္စျိမအားပြောသည်။

ပညာရေးဦးဆောင်ကော်မတီတွင် အဖွဲ့ဝင် ခုနစ်ဦးနှင့် ဒေသအလိုက် ဘုတ်အဖွဲ့ဝင် ငါးဦး စုစုပေါင်း ၁၂ဦးဖြင့် ဖွဲ့စည်းထားပြီး ပညာရေးမှူးရုံးလုပ်ငန်းတာဝန်အကုန်လုံးကို ဆောင်ရွက်လုပ်ဆောင်ခဲ့သည်ဟု တာဝန်ခံဆရာ စီထန်းကီးမာထံမှ သိရသည်။

“ကျွန်တော်တို့ရုံးအနေနဲ့ သင်ကြားရေး ပြဋ္ဌားန်းစာအုပ် ထုတ်ဝေပေးတာ၊ အခမဲ့ဖြန့်ဝေပေးတာ၊ ဘာသာရပ်ရွေးချယ်ပြီး သင်ရိုးညွှန်းတမ်းတွေ ရွေးပေးတယ်၊ ရွာတိုင်းမှာရှိတဲ့ သင်ကြားရေး ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေကို ရှာပေးရတယ်၊ နိုင်ငံခြားကိုလည်း ဆက်သွယ်ရတယ်၊ ပြည်တွင်းထဲက အလှူရှင်တွေကိုလည်း ရှာရတယ်။ ပြီးတော့မှ ကျွန်တော်တို့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ Hualngoram People Organization (HPO) ဆီကနေ အထောက်အပံ့တွေ ယူခဲ့ပါတယ်” ဟု ဟွားလ်ငိုးဒေသပညာရေးဦးဆောင်ကော်မတီမှ တာဝန်ခံ ဆရာ စီထန်းကီးမာက မဇ္စျိမကို ပြောသည်။

ဟွားလ်ငိုးဒေသအတွင်းတွင် ကျောင်းပေါင်း ၃၀ကျော် ဖွင့်လှစ်နိုင်ပြီး ထိုကျောင်းများကို ပညာရေးဦးဆောင်ကော်မတီမှ ဖယ်ဒရယ်စနစ်ကျကျ အုပ်ချုပ်ကိုင်တွယ်နေဆဲဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အထက်တန်းကျောင်းကို စနစ်သစ်နဲ့ စနစ်ဟောင်းဆိုပြီး ကျောင်းနှစ်ကျောင်းဖွင့်လှစ်တယ်၊ အများဆုံးကတော့ မူလတန်းကျောင်းတွေဖြစ်တယ်။ အလယ်တန်းကျောင်းလည်း အသင့်အတင့်ရှိပါတယ်၊ မူလတန်းကျောင်းပြီးသွားလို့ အတန်းတင်တဲ့အခါ သူတို့ကျောင်းမှာပဲ လိုအပ်ချက်အရ အလယ်တန်းစာတွေ သင်ကြားပေးခဲ့ပါတယ်။ အလယ်တန်းကျောင်းနဲ့ မူလတန်းကျောင်းကို အရေအတွက်အားဖြင့်တော့ တိတိကျကျပြောလို့မရသေးဘူး” ဟုလည်း ဆရာ စီထန်းကီးမာက ဆက်ပြောသည်။

သင်ကြားရေးဆရာ၊ ဆရာများအနေဖြင့် CDM ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသအတွင်းမှ ဘွဲ့ရပညာတတ်လူငယ်များက စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးခဲ့ကြပြီး ဆရာ၊ ဆရာမဦးရေ ၈၀ကျော်ဖြင့် စာသင်ကြားပေးလျက်ရှိကြောင်းလည်း ဆရာ စီထန်းကီးမာထံမှ သိရသည်။

ထို့အပြင် Chinland Defense Force -Hualngoramထံသို့ ဆက်သွယ်အလင်းဝင်လာခဲ့ကြသော ရဲနှင့် စစ်သား CDM ဝန်ထမ်းများ၏ ဇနီးများကလည်း စေတနာ့ဝန်ထမ်းနေဖြင့် စာသင်ကြားပေးခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

ထိုသို့ ကြားကာလပညာသင်ကြားပေးရာတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာ၊ သိပ္ပံ ဘာသာရပ်များအား မသင်မနေရ ဘာသာရပ်အဖြစ် သင်ကြားပေးခဲ့ကြပြီး သမိုင်းဘာသာရပ် ၊စာရိတ္တနှင့် ပြည်သူ့နီတိ၊ ချင်းစာ၊ ကာယ၊ ဂီတအနုပညာ ဘာသာရပ်များကိုလည်း သင်ကြားပေးလျက်ရှိကာ သင်ယူသူကျောင်းသားဦးရေအနေဖြင့် ၂,၀၀၀နီးပါးရှိကြောင်း ဆရာ စီထန်းကီးမာက မဇ္စျိမအားပြောသည်။

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ပထမဦးဆုံး လွတ်မြောက်ခဲ့သည့် မြို့ဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က နိုဝင်ဘာလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခုကို CNA ၊ CDF – Zanniatram ၊ People Defence Army (PDA) ၊ CDF – Thantlang နှင့် ဒေသအခြေစိုက် CDF – Hualngoram ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာလ ၁၃ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုထိန်းချုပ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။    ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required