စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် CDF-Matupi‌ စစ်ရေးအရှိန်မြှင့်မည်

By ပါခွီး(မဇ္စျိမ)
19 November 2023
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် CDF-Matupi‌ စစ်ရေးအရှိန်မြှင့်မည်
ပုံအညွှန်း - သေဆုံးသူများ သင်္ဂြိုလ်စဥ် ၊  ဗုံးဒဏ်ကြောင့်ပျက်စီးမှုများ။(ဓါတ်ပုံ - CDF – Matupi)

ချင်းပြည်နယ် ၊ မတူပီမြို့နယ် ၊ ဝေလူးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ရှစ်ဦးအပါအဝင် ၁၁ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်အား တုံ့ပြန်သည့်အနေဖြင့် စစ်ရေးအရှိန်မြှင့်သွားမည်ဟု  CDF - Matupi က နိုဝင်ဘာလ ၁၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ယင်းသို့ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်ခဲ့မှုအား လုံးဝကန့်ကွက်ရှုတ်ချကြောင်းနှင့် စစ်ရေးအရှိန်ပိုမိုမြှင့်တင်ကာ စစ်အာဏာရှင်စနစ် ပျက်သုဥ်းသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကာကွယ်ရေး တပ်ဖွဲ့ - (မတူပီ) CDF - Matupi ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း - သေဆုံးသူများ သင်္ဂြိုလ်စဥ် ၊  ဗုံးဒဏ်ကြောင့်ပျက်စီးမှုများ။(ဓါတ်ပုံ - CDF – Matupi)

ဝေလူးကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲခြင်း ၊ စက်သေနတ်များဖြင့် တိုက်ခိုက်ခြင်းကြောင့် အသက် ၁၅နှစ် အောက် ကလေးရှစ်ဦး ၊ CDM ကျောင်းဆရာတဦးနှင့် အရပ်သား နှစ်ဦး စုစုပေါင်း ၁၁ဦး သေဆုံးခဲ့ပြီး နိုဝင်ဘာ ၁၆ရက်နေ့တွင် သင်္ဂြိုဟ်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၂၂လုံး ၊ ဘုရားကျောင်း တဆောင်နှင့် စာသင်ကျောင်း နှစ်ဆောင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ပုံအညွှန်း - သေဆုံးသူများ သင်္ဂြိုလ်စဥ် ၊  ဗုံးဒဏ်ကြောင့်ပျက်စီးမှုများ။(ဓါတ်ပုံ - CDF – Matupi)

“အဲဒီနယ်မြေမှာ တိုက်ပွဲမရှိဘဲနဲ့ အကြောင်းမဲ့ သက်သက် တိုက်ခိုက်ခံခဲ့ရတာပါ။ သေဆုံးသူတွေကိုနောက်ရက်မှာပဲ ခရစ်ယာန်ထုံးတမ်းစဥ်လာအရ သင်္ဂြိုဟ်ခဲ့ပါတယ်” ဟု ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

၎င်းတို့အနေဖြင့် သေဆုံးဒဏ်ရာရရှိသူများနှင့် နေအိမ်ပျက်စီးဆုံးရှုံးသူများအတွက် နေထိုင်စားသောက်ရေးနှင့် အခြားလိုအပ်သောအကူအညီများ  အရေးပေါ်တုံ့ပြန်ကူညီရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။

ပုံအညွှန်း - သေဆုံးသူများ သင်္ဂြိုလ်စဥ် ၊  ဗုံးဒဏ်ကြောင့်ပျက်စီးမှုများ။(ဓါတ်ပုံ - CDF – Matupi)

ထိခိုက်သေဆုံးသူများအတွက် ကူညီရန် ၎င်းတို့ ပအဖ အနေဖြင့် ငွေကြေး မတည်ထားပြီး NUG လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ၊ အမျိုးသမီး ၊ လူငယ် ၊ ကလေးသူငယ်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်ပရောက် မတူအဖွဲ့အစည်း လူပုဂ္ဂိုလ်များမှငွေကြေးအချို့ထည့်ဝင်ထားကာ အလှူရှင်များအနေဖြင့် ပါဝင်ပေးကြပါရန်လည်း  မေတ္တာရပ်ခံထားသည်။

နိုဝင်ဘာလ ၁၅ရက် ည ၁၁နာရီ ၄၅မိနစ်အချိန်ကလည်း မင်းတပ်မြို့နယ် ၊တိုက်နယ်(၁) ဘက်ရှိကျေးရွာတရွာကို မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဥ်ဖြင့် ဗုံးနှစ် ကြိမ်ကြဲချတိုက်ခိုက်ခဲ့ရာ လူနေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

စာတည်း ။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required