လိုင်လင်းပီမြို့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းက ဗုံးကြဲ

By ပါခွီး (မဇ္စျိမ)
21 November 2023
လိုင်လင်းပီမြို့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် လေကြောင်းက ဗုံးကြဲ

ချင်းပြည်နယ် ၊လိုင်လင်းပီမြို့ရှိ စစ်ကောင်စီတပ် အခြေစိုက်ထားသည့် တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ထံက သိရသည်။

“ဂျက်ဖိုက်တာနဲ့ ရှစ်ကြိမ်ဗုံးကြဲသွားပြီး ဒေသခံတယောက် သေဆုံးတယ်၊ ပြည်သူလူထု အထိအခိုက်အနည်းဆုံးဖြစ်အောင် လက်နက်ချဘို့ ပြောပေမယ့် လေကြောင်းပစ်ကူတောင်းပြီး ဘန်ကာထဲကနေ တောင့်ခံနေကြတယ်” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

လိုင်လင်းပီမြို့တွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသည့် ခမရ(၃၀၄) လက်အောက်ခံ စစ်ကောင်စီတပ်ကို နိုဝင်ဘာလ ၁၉ရက် ည ၉နာရီကျော်မှ စတင်ပြီး ချင်းတော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းနောက် ယမန်နေ့နိုဝင်ဘာလ ၂၀ရက် မနက်ပိုင်းအချိန်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ ဒေသခံအများစု ရှောင်တိမ်းသွားသော်လည်း လက်ကျန် အနည်းစုအတွင်းမှ ဗုံးဒဏ်ကြောင့် အသက်၄၀နှစ် အရွယ် ဒေသခံအမျိုးသားတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိထားကာ လူနေအိမ် လေးလုံး ပျက်စီးသွားကြောင်း သိရသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ အဆောက်အဦများ ပျက်စီးခဲ့ပြီး စခန်းကို ဝိုင်းဝန်းပိတ်ဆို့ကာ လက်နက်ချရန် အသိပေးထားကြောင်း ဆလိုင်းထက်နီက ဆက်ပြောသည်။

အဆိုပါတိုက်ပွဲကို CNA တပ်ဖွဲ့နှင့်အတူ CDF – Mara ၊ CDF – Matupi ၊ CDF – Zophei နှင့် CDF – Lautu တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၂၁ရက် နံနက်ပိုင်းအထိ အဆိုပါစစ်ကောင်စီတပ်စခန်းကို ချင်းတော်လှန်ရေး တပ်ဖွဲ့များက သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ နှစ်ဖက်အထိအခိုက်နှင့် အသေးစိတ်အခြေအနေများ သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်သွယ်လျက်ရှိသည်။

စာတည်း။          ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။      ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly