လိုင်လင်းပီမြို့စစ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက်

By မဇ္ဈိမ
24 November 2023
လိုင်လင်းပီမြို့စစ်စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းအဖွဲ့ သိမ်းပိုက်
လိုင်လင်းပီစခန်းသိမ်းတိုက်ပွဲတွင် သိမ်းယူနိုင်ခဲ့သော လက်နက်ခဲယမ်းများ

မြန်မာ -အိန္ဒိယနယ်စပ်ရှိ မတူပီမြို့နယ် လိုင်လင်းပီမြို့စစ်စခန်းကို ယနေ့နိုဝင်ဘာ၂၄ရက်နေ့ နံနက်၃နာရီခန့်တွင် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

လိုင်လင်းပီမြို့အခြေစိုက်စစ်စခန်းကို ချင်းအမျိုးသားတပ်မတော် ( CNA) ၊ CDF-Mara၊ CDF-Matupi၊ CDF-Lautu၊ CDF-Zophei တို့ကနိုဝင်ဘာလ ၁၉ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဟု သိရသည်။အဆိုပါ စစ်စခန်းသည်  စစ်ကောင်စီ ခြေလျင်တပ်ရင်း  ခလရ(၃၀၄)လက်အောက်ခံစခန်းဖြစ်သည်။

‘’သေနတ်တောင်မပစ်ကြဘူး။မနက်အစောပိုင်းမှာပဲ စခန်းမှာရှိတဲ့စစ်ကောင်စီတပ်တွေက အလံဖြူထောင်ပြီး စက်လှေတွေနဲ့ထွက်ပြေးသွားကြတယ်။သေနတ်တွေတော့ယူသွားကြတယ်။ဒါပေမယ့် ပူးပေါင်းအဖွဲ့တွေကတော့ကျည်ဆံနဲ့ လက်နက်ခဲယမ်းတွေတော်တော်လေးရလိုက်တယ်’’ဟု ယနေ့ နံနက် အခြေအနေကို မြေပြင်ရှိသတင်းရင်းမြစ်တဦးက ပြောသည်။

လိုင်လင်းပီစခန်းစတင်တိုက်ခိုက်ခံရသည့် နေ့မှစတင်ပြီး စစ်ကောင်စီက လေကြောင်းမှ နေ့စဉ် လာရောက်တိုက်ခိုက်သဖြင့် အရပ်သား လေးဦးသေဆုံးပြီး၊နေအိမ်များ၊ဘုရားကျောင်း၊ အဆောင်များထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ဒုတိယလပတ်မှ စ၍ စစ်ကောင်စီစခန်းများကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အရှိန်မြှင့်တိုက်ခိုက်ခဲ့သည်။လက်ရှိအချိန်တွင် CNA နှင့်ဒေသခံကာကွယ်ရေးတပ်များသည်  ရိဒ်ခေါဒါရ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှစ်ခု၊ ဖလမ်းမြို့ရှိ သီးဘွာလ်စစ်ကောင်စီစခန်း၊ကလေး-ဖလမ်း ကားလမ်မပေါ်ရှိ ဗါရ်းစစ်ကောင်စီတပ်စခန်း၊တီးတိန်မြို့နယ်ရှိကနေဒီစစ်စခန်းနှင့်ယခုလိုင်လင်းပီစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required