စစ်ကောင်စီက မြို့ကြီးတွေမှာ ပေါ်တာဆွဲနေသလား(ရုပ်သံ)

By မိုးသောက်(မဇ္ဈိမ)
24 November 2023
စစ်ကောင်စီက မြို့ကြီးတွေမှာ ပေါ်တာဆွဲနေသလား(ရုပ်သံ)

စစ်အာဏာသိမ်းပြီးတော့ သုံးနှစ်နီးပါးအကြာမှာ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် နေရာအတော်များများမှာ စစ်တပ်က ပေါ်တာဆွဲတယ်ဆိုတဲ့ စကားရပ်က ခေတ်စားလာပါတယ်။

လတ်တလောမှာ လူပျောက်ရှာဖွေမှုတွေ ပိုများလာသလို အဲဒီထဲမှာ လူငယ်အရေအတွက်ကလည်း အများအပြားဖြစ်ပါတယ်။ အချို့ကတော့ ရဲစခန်းမှာ ငွေကြေးအမြောက်အမြားပေးပြီး ပြန်ထုတ်ခဲ့ရတဲ့ဖြစ်ရပ်တွေကအမြောက်အမြား ဖြစ်လာတာပါ။

ရန်ကုန်မှာတော့ စစ်တပ်နဲ့ရဲက ဖမ်းဆီးမှုတွေပြုလုပ်ပြီး ငွေပေးပြီး ရွေးရတာတွေရှိတယ်လို့ မြို့ခံအချို့က ပြောပြပါတယ်၊ အရင်ကတော့ ဖမ်းဆီးခံရတယ်ဆိုရင် တော်လှန်ရေးမှာ တနည်းနည်းနဲ့ပါဝင်ပတ်သက်လို့ ဖမ်းဆီးတာများပြီး  ဖမ်းဆီးခံရသူတွေကို စစ်ကြောရေးစခန်းတွေကို ပို့ဆောင်စစ်ဆေးလေ့ရှိပါတယ်။

အခုတော့ စစ်မျက်နှာပေါင်းစုံဖွင့်ထားတဲ့ စစ်ကောင်စီမှာ နေ့စဉ်စစ်သားသေဆုံးမှုကြောင့် စစ်သားလိုအပ်ချက်ရှိလာချိန်မှာ မြို့ပြတွေမှာ လူပျောက်မှုတွေ တိုးလာတာ၊ စစ်တပ်နဲ့ရဲက ညဘက်တွေမှာ ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ပေါ်တာဆွဲနေတယ်ဆိုတဲ့ သတင်းစကားတွေပျံ့နှံ့နေတာပါ။

အထူးသဖြင့် ပေါ်တာဆွဲတယ်ဆိုတဲ့ စကားရပ်ဟာ မြို့ကြီးတွေမှာ ပိုမိုကျယ်ကျယ်လောင်လောင် ဖြစ်လာပြီးတော့ ညရေးညတာအပြင်ထွက်တာသတိထားကြဖို့ မလိုအပ်ဘဲ အပြင်မထွက်ကြဘဲ အချင်းချင်းသတိပေးနေတာကို တွေ့ရပါတယ်။

တည်းဖြတ်/တင်ဆက်− မိုးသောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly