တမူးမြို့ တိုက်ပွဲအတွင်း ပျူခေါင်းဆောင် ကြံ့ခိုင်ရေးအမတ်ဟောင်း အပါအဝင် ၄ ဦး ဖမ်းဆီးရမိ

By ပါခွီး(မဇ္စျိမ)
24 November 2023
တမူးမြို့ တိုက်ပွဲအတွင်း ပျူခေါင်းဆောင် ကြံ့ခိုင်ရေးအမတ်ဟောင်း အပါအဝင် ၄ ဦး ဖမ်းဆီးရမိ
ပုံအညွှန်း - ရှေ့တန်းမှပြန်လာသည့် ရဲဘော်များအား ပြည်သူများမှကြိုဆိုနေစဥ် ဓါတ်ပုံ - တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ် ၊ ထန်းတပင်ရွာတွင်ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပျူစောထီးအဖွဲ့ခေါင်းဆောင် ကြံ့ခိုင်ရေး တိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်းအပါအဝင် လေးဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

ထန်းတပင်တွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၈၀ခန့်ရှိသော စခန်းကို နိုဝင်ဘာလ ၂၀ရက်နေ့က လေးမိုင်ဘက်မှ စစ်ကြောင်းထိုး၍ စတင်တိုက်ခိုက်ခဲ့ရာ ကျည်အင်အား မလုံလောက်သဖြင့် ကာကွယ်ရေးတပ်ဖွဲ့ ဆုတ်ခွာခဲ့ရကြောင်း ဆိုသည်။

ယင်းနောက် နိုဝင်ဘာလ ၂၁ရက် နေ့လယ် ၁၂နာရီ ၃၀မိနစ်တွင် ပြန်လည်တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီအချိန်တွင် သိမ်းပိုက်ရမိခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း ကြံ့ခိုင်ရေးတိုင်းလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်အောင်နှင့် ကျန်ပျူစောထီးအဖွဲ့ဝင် သုံးဦးကို အရှင်ဖမ်းဆီးရမိပြီး ခုခံ၍ ထွက်ပြေးသူ သုံးဦးကို ရှင်းလင်းခဲ့ရကြောင်း ဆိုသည်။

ပုံအညွှန်း - ဖမ်းဆီးမိရသည့် ပျူစောထီးအဖွဲ့ဝင်များ ဓါတ်ပုံ - တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)

“အရှင်မိတဲ့ ကြံ့ခိုင်ရေးကိုယ်စားလှယ်ဟောင်းနဲ့ ကျန်သူနှစ်ဦးကို သက်ဆိုင်ရာကို အပ်လိုက်ပါပြီ ၊ အဲဒီအထဲက PDF က သစ္စာဖောက်ထွက်ပြေးတဲ့ သူကိုတော့ သူ့မိခင်တပ်ရင်းကို လွှဲပြောင်းပေးလိုက်ပါတယ်” ဟု တပ်ရင်း(၄) တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

ဖမ်းမိသည့် လွှတ်တော်ကိုယ်စားလှယ်ဟောင်းသည် ၂၀၁၀ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တမူးမြို့နယ် တိုင်းဒေသ(၁) မဲဆန္ဒနယ်မှ ကြံ့ခိုင်ရေးပါတီကိုယ်စား ဝင်ရောက်အနိုင်ရခဲ့သူဖြစ်ကြောင်းသိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဦးမြင့်အောင်သည် စစ်ကောင်စီတပ် နှင့်ပူးပေါင်းပြီး လက်နက်ကိုင်ဆောင်ကာ ပျူစောထီးများကို ဦးဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

ပြည်တော်ဝင်စစ်ဆင်ရေးအဖြစ် တမူးမြို့နယ် ပန်းသာရွာတွင် အခြေစိုက် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) ၊ Fighter Police CDM တပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေကြောင်း တပ်ရင်း(၄) တာဝန်ရှိသူက ပြောသည်။

တမူးမြို့နယ်အတွင်းရှိ ဝိတုတ် ၊ ခါမ်းပါတ် တပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းဆည်းထားပြီး မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်လျက်ရှိနေကြောင်း ကာကွယ်ရေးသတင်းအရင်းအမြစ်များအရ သိရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly