ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ချင်းတော်လှန်ရေး အလံလွှင့်ထူ

By ပါခွီး (မဇ္စျိမ)
14 November 2023
ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီစခန်း ၂ ခုကို ပူပေါင်းတပ်ဖွဲ့သိမ်းပိုက်ပြီး ချင်းတော်လှန်ရေး အလံလွှင့်ထူ
ပုံအညွှန်း - ရိဒ်ခေါဒါရ်မြို တိုက်ပွဲအတွင်း သိမ်းဆည်းရသော လက်နက်များ /ဓါတ်ပုံ - ချင်းအမျိုးသားတပ်မတော် (CNA)

အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ် စခန်းနှစ်ခုကို ချင်းပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ပြီး ချင်းတော်လှန်ရေးအလံ လွှင့်ထူနိုင်ခဲ့ကြောင်း သိရသည်။ 

အင်အား ၇၀ ကျော်ဖြင့် တပ်စွဲထားသည့်ရိဒ်ခေါဒါမြို့ရှိ စစ်ကောင်စီစခန်းနှစ်ခုကို နိုဝင်ဘာလ ၁၂ ရက် ညနေ ၄ နာရီတွင် ချင်းပူးပေါင်းတပ်ဖွဲ့ကစတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၃ ရက် ညနေ ၅ နာရီခန့်တွင် သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ထားလိုက်ပါပြီ။ စစ်ကောင်စီတပ်က လက်နက်ချအလင်းဝင်သူ တွေရှိတယ်၊ မီဇိုရမ်ဖက်ထွက်သွားတဲ့သူတွေလည်း ရှိတယ်။ လက်နက်ခဲယမ်းရတာတွေတော့ အသေး စိတ် အကုန်မသိရသေးဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် ခုနစ်ဦးလက်နက်ချအလင်းဝင်လာကြောင်း နှင့် စစ်ကောင်စီတပ်သားသေဆုံးမှုများရှိသော်လည်း အရေအတွက်ကိုမူ မသိရသေးကြောင်းဆိုသည်။

 ချင်းပူးပေါင်းတပ်ဖွဲ့ဘက်က ရှစ်ဦးကျဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိထားကြောင်း မီဇိုရမ်ပြည်နယ်တွင် ထုတ်လွှင့်သည့်  LPS တီဗွီသတင်းက နိုဝင်ဘာ ၁၄ ရက် ယနေ့ ဖော်ပြခဲ့သည်။

“ မနေ့က စစ်ကောင်စီတပ်သာ ၃၉ ယောက် မီဇိုရမ်ဘက်ကို ထွက်ပြေးတယ်။ ဒီမနက်မှာ တယောက်ထပ် ထပ်ဝင်သွားတယ် ၊ စုစုပေါင်း ၄၀ ဝင်သွားတယ်လို့ သိရတယ်” ဟု CDF – Huanlngoram တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်သားများ တိုက်ပွဲအတွင်းမှ လက်နက်များကိုင်ဆောင်ပြီး အိန္ဒိယနိုင်ငံနယ်နမိတ်ကို ဖြတ် ကျော်ဝင်ရောက်လာသဖြင့် မီဇိုရမ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်းသိရသည်။

စစ်ကောင်စီလေတပ်က တိုက်ပွဲဖြစ်ပွားချိန်နှင့် တိုက်ပွဲအပြီးတွင် တိုက်လေယာဉ်ဖြင့် သုံးကြိမ်၊ တိုက်ခိုက် ရေး ရဟတ်ယာဥ်ဖြင့် သုံးကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတဦးကလည်း မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း ကျရောက် ပေါက်ကွဲပြီး စစ်ဘေးရှောင်နေသည့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတဦးသေဆုံးပြီး အသက် ၁၂ နှစ် အရွယ် ယောကျ်ားလေးတဦးနှင့် အသက် ၆၇ နှစ်ရှိ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

ရိဒ်ခေါဒါရ်မြို့မှ စခန်းနှစ်ခုသိမ်း တိုက်ပွဲကို ချင်းအမျိုးသားတပ်မတော် (CNA)၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟွားငိုးလ်ရမ်း)  CDF – Huanlngoram ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) CDF – Thantlang နှင့် People Defence Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၄ ရက် ယနေ့နံနက်တွင် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးအမှတ်(၂) နယ်ခြားဂိတ်မုခ်ဦးတွင် ချင်း တော်လှန်ရေးအလံကို လွှင့်ထူထားပြီး ဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly