စစ်ကောင်စီစခန်း ၃ ခု ၁၂ရက်အတွင်း သိမ်းပိုက် ၊ လက်နက်ခဲယမ်းများသိမ်းဆည်းဟု CNDF ထုတ်ပြန်

By ပါခွီး(မဇ္စျိမ)
19 November 2023
စစ်ကောင်စီစခန်း ၃ ခု ၁၂ရက်အတွင်း သိမ်းပိုက် ၊ လက်နက်ခဲယမ်းများသိမ်းဆည်းဟု CNDF ထုတ်ပြန်
ပုံအညွှန်း -စခန်းသိမ်းတိုက်ပွဲများအတွင်းသိမ်းဆည်းရသောလက်နက်များ။(ဓါတ်ပုံ-CNDF)

စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း သုံးခုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) က နိုဝင်ဘာလ ၁၇ရက်နေ့တွင်ထုတ်ပြန်သည်။

နိုဝင်ဘာလ ၃ရက်နေ့မှ နိုဝင်ဘာလ ၁၅ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်းရှိ ၊ ခါမ်းပတ် ၊ မြောက်စည်းနှင့် ချင်းပြည်နယ် သီးဘွာလ် စစ်ကောင်စီစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

နိုဝင်ဘာလ ၃ရက်နေ့တွင် တမူးမြို့နယ် ခါမ်းပါတ်မြို့ရဲစခန်းကို တိုက်ခိုက်ပြီး နိုဝင်ဘာလ ၅ ရက်နေ့တွင် သိမ်းဆည်းနိုင်ခဲ့သည်။ ထို့နောက် ယင်းနေ့တွင်ပင် မြို့အတွင်းရှိ ခလရ(၂၂၈)တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး ၄၀ကျော် အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးကာ သေနတ်မျိုးစုံ ၁၀လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပုံအညွှန်း -စခန်းသိမ်းတိုက်ပွဲများအတွင်းသိမ်းဆည်းရသောလက်နက်များ။(ဓါတ်ပုံ-CNDF)

အလားတူ ကလေးမြို့နယ် မြောက်စည်းရဲစခန်းကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာနိုဝင်ဘာလ  ၄ရက်နေ့တွင်  သေနတ် ၁၃လက် ခဲယမ်းများနှင့်တကွ စခန်းကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုဝင်ဘာလ ၁၄ရက်ညတွင် ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် သီးဘွာလ်စခန်းကို ဒရုန်း ၊ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် လေးနာရီကျော်ကြာ အပြန်အလှန် တိုက်ခိုက်ပြီး စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသဖြင့် သိမ်းဆည်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတပ်စခန်းအတွင်းသို့ ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးနေသည်ကို တွေ့ရှိရပြီး သေနတ်ခုနှစ်လက်နှင့် ကျည်ဆန်မျိုးစုံ၊  အမြောက်အမြား ၊ ရိက္ခာများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲများအတွင်း ရဲဘော်နှစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိထားကြောင်း CNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံအညွှန်း -စခန်းသိမ်းတိုက်ပွဲများအတွင်းသိမ်းဆည်းရသောလက်နက်များ။(ဓါတ်ပုံ-CNDF)

ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် နှင့် ရိဒ်ခေါဒါရ်မြို့နယ်ရှိ အိန္ဒိယ - မြန်မာ ကုန်သွယ်ရေး အမှတ်(၂)လမ်းပေါ်ရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုကို နိုဝင်ဘာလ ၁၄ ရက်နေ့မှစ၍ ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။

ထို့သို့ စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်လာသဖြင့် နိုဝင်ဘာလ ၁၅ရက်နေ့တွင် ဖလမ်းမြို့နယ် ဗါးရ်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းကိုစွန့်ခွာ၍ ဖလမ်းမြို့ပေါ်ရှိ ခလရ (၂၆၈) သို့သွားရောက်ပူးပေါင်းခဲ့ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့ က စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယခုအချိန်တွင် ဖလမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းနှစ်ခုသာ ကျန်တော့သဖြင့် သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း CNDF တာဝန်ရှိသူထံက သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required