ကလေးမြို့နယ် ရန်ကြီးအောင်ကျေးရွာမှ စစ်ကောင်စီစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

By ပါခွီး (မဇ္စျိမ)
23 November 2023
ကလေးမြို့နယ် ရန်ကြီးအောင်ကျေးရွာမှ စစ်ကောင်စီစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
ပုံအညွှန်း - PDF – Kalay တပ်ဖွဲ့ဝင်များ | ဓါတ်ပုံ - PDF – Kalay

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၂၃ ရက် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။

အင်အား ၃၅ ဦးရှိသော ရန်ကြီးအောင်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ စခန်းကို အပြီးတိုင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

“ဟုတ်ကဲ့ ဒီမနက်မှာသိမ်းပြီးပါပြီ၊ ဂျက်ဖိုက်တာနဲ့ဗုံးကြဲတာရယ်၊ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့အတွက် အသေးစိတ်ကို ပြောလို့မရသေးပါဘူး”ဟု ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမ ကိုပြောသည်။

တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်ကြိမ်ကြဲ၍ MI35 ဖြင့် တကြိမ် တိုက်ခိုက်ခဲ့ သော်လည်း အထိအခိုက်မရှိကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို အမှတ်(၁)စစ်ဒေသလက်အောက်ခံ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်းများ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)၊ ကလေးမြို့နယ် ပကဖ၊ ချင်းကာကွယ်ရေး တပ်ဖွဲ့ - ကလေး-ကဘော်-ဂန့်ဂေါ(CDF – KKG) ကလေးမြို့ UG အဖွဲ့များ ပူးပေါင်းပါဝင်ကြောင်း သိရ သည်။

ယင်းတိုက်ပွဲအတွင်း နိုဝင်ဘာလ ၂၁ ရက်နေ့က ၎င်းတို့တပ်ဖွဲ့ဝင် ဆလိုင်းဗန်နွန်ထန်း ကျဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ထားသည်။

အဆိုပါ ရန်ကြီးအောင်တပ်စခန်းသို့ စစ်ကောင်စီတပ်လေမှ လေထီးဖြင့် ကျည်ဆံ ၁၂ ထုတ်ချပေးခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့များမှ ၁၁ ထုတ် သိမ်းဆည်းရခဲ့ကြောင်း သိရှိရသည်။

ရန်ကြီးအောင် စစ်ကောင်စီတပ်စခန်းသည် ကလေးမြို့တောင်ပိုင်းတွင် စစ်ရေးအရအရေးပါသော တပ် စခန်းတခုဖြစ်ပြီး သိမ်းပိုက်နိုင်ခဲ့သောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များအတွက် အကျိုးများစွာရှိကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်များထံက သိရသည်။

မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်၍ စခန်းသိမ်းတိုက်ပွဲများဆင်နွဲခဲ့ပြီး နောက် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ ဖြစ်သော ရာဇဂြိုလ်အကျဥ်းစခန်း (၁) (၂) နှင့် မြောက်စည်းရဲစခန်းတို့ကို တော်လှန်းရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်သည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly