အင်ဒိုနီးရှားတွင် ရထားနှင့် ကား တိုက်မိပြီး လူ ၁၁ ဦး သေဆုံး

အင်ဒိုနီးရှားတွင် ရထားနှင့် ကား တိုက်မိပြီး လူ ၁၁ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံ၏ လူနေအသိပ်သည်းဆုံး ကျွန်းဖြစ်သည့် ဂျာဗားကျွန်း၏ အရှေ့ပိုင်းတွင် နိုဝင်ဘာ ၁၉ ရက်က ရထားလမ်းကူးတခု၌ ရထားတစင်းနှင့် မီနီဘတ်စ်ကားတစီးတို့ တိုက်မိမှုကြောင့် လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး လူတချို့ ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ရထားသည် ဆူရာဘာယာ ဆိပ်ကမ်းမြို့သို့ ဦးတည် မောင်းနှင်လာခြင်း ဖြစ်ပြီး ည ၈ နာရီခန့်တွင် အရှေ့ဂျာဗားမြို့ လမ်မာဂျန်းရှိ ရထားလမ်းကူးတနေရာ၌ ခရီးသည် တဒါဇင်ခန့် လိုက်ပါလာသော မီနီဘတ်စ် ကားကို တိုက်မိခြင်းဖြစ်ကြောင်း ပြည်တွင်းရုပ်သံဌာန Kompas TV က ဖော်ပြသည်။

“လူ ဆယ်ယောက်က နေရာမှာပဲ သေတယ်။ နောက်တဦးကတော့ ရပ်ကွက် ကျန်းမာရေးစင်တာတခုမှာ ဆေးကုသမှု ခံယူပြီး ဆုံးသွားတယ်” ဟု လမ်မာဂျန်း ခရိုင် ခေတ္တအကြီးအကဲ အင်ဒါဟ် ဝါဟ်ယူနီက ပြောသည်။

ကလေးတဦး အပါအဝင် လူ လေးဦး ပြည်တွင်းဆေးရုံတခု၌ တက်ရောက်ကုသမှုခံယူနေရကြောင်းနှင့် ၎င်းတို့သည် ပတ်သက်မှုရှိသလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြောင်း ၎င်းက ပြောသည်။

“ဖြစ်စဉ် ဖြစ်ချိန်မှာ ရထားလမ်းကူးမှာ ဘာလမ်းကူးအရံအတားမှ ရှိမနေဘူး။ ယာဉ်မောင်းကို အချက်ပေးနိုင်မယ့် လက္ခဏာတွေ မရှိဘူး” ဟု ဖြစ်စဉ်ဖြစ်ပြီးနောက် Kompas TV သတင်းသမားတဦးက ပြောသည်။

ဓာတ်ပုံများအရ တိမ်းမှောက်နေသော အပြာရောင် မီနီဘတ်စ်ကားတစီးနှင့် ထိခိုက်သူများကို ဆေးကုသမှုခုတင်များဖြင့် သယ်ထုတ်နေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly