လှေစီး ရိုဟင်ဂျာဒုက္ခသည်များကို ကယ်တင်ရေး အရေးပေါ်တုံ့ပြန်ရန် ကုလကျွမ်းကျင်သူ တောင်းဆို

လှေစီး ရိုဟင်ဂျာဒုက္ခသည်များကို ကယ်တင်ရေး အရေးပေါ်တုံ့ပြန်ရန် ကုလကျွမ်းကျင်သူ တောင်းဆို
Photo: AFP

ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများ၌ အခြေအနေများ ဆက်လက် ယိုယွင်းလာနေပြီး စားနပ်ရိက္ခာခွဲတမ်းများလည်း ဖြတ်တောက်ခံရသည့်အတွက် ရိုဟင်ဂျာဒုက္ခသည်များ ကြံမိကြံရာသဘောဖြင့် လူပြည့်ကျပ်နေသည့် လှေသင်္ဘောများဖြင့် ထွက်ခွာပြီး အင်ဒိုနီးရှားသို့ ဆက်တိုက်ဆိုသလို ရောက်ရှိလာနေမှုအပေါ် ဒေသတွင်း အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရန် ကုလသမဂ္ဂ ကျွမ်းကျင်သူတဦးက နိုဝင်ဘာ ၂၃ ရက်တွင် တိုက်တွန်းတောင်းဆိုသည်။

“ပြဿနာရဲ့ အရင်းခံ အကြောင်းရင်းဖြစ်တဲ့ တရားမဝင် မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် ကိုင်တွယ်ဖြေရှင်းမှု မရှိရင်တော့ အကျပ်အတည်းက ပိုပြီး ဆိုးရုံပဲ ရှိပါလိမ့်မယ်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလအထူးအစီရင်ခံစာ တင်သွင်းသူ တွန် အန်ဒရူးစ်က သတိပေးသည်။

ပြီးခဲ့သည့် သီတင်းပတ်က ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀ ကျော်သည် လှေသင်္ဘောတို့ဖြင့် အင်ဒိုနီးရှား၏ မြောက်ဘက်စွန်း အာချေးပြည်နယ်သို့ ရောက်လာကြသည်။

အာဟာရနှင့် ဆေးဝါး အကူအညီတို့ အရေးတကြီး လိုအပ်နေသည့် အမျိုးသမီးများနှင့် ကလေးအများစု အပါအဝင် ရိုဟင်ဂျာဒုက္ခသည်များကို ဘေးကင်းလုံခြုံမှု၊ အမိုးအကာနှင့် အထောက်အပံ့တို့ ကမ်းလှမ်းပေးမှုအတွက် အင်ဒိုနီးရှားအစိုးရကို အန်ဒရူးစ်က ချီးကျူးစကားဆိုသည်။

ဒေသတွင်း အခြားနိုင်ငံများအနေဖြင့်လည်း ၎င်းတို့နိုင်ငံများ၏ ကမ်းခြေသို့ လှေများဖြင့် ဆိုက်ရောက်လာနိုင်သည့် ရိုဟင်ဂျာဒုက္ခသည်များကို ဘေးကင်းလုံခြုံစွာ ကမ်းကပ်ခွင့်ပေးခြင်းအားဖြင့် အင်ဒိုနီးရှား၏ ဦးဆောင်မှုအတိုင်း လိုက်လံဆောင်ရွက်ရန် ကုလကျွမ်းကျင်သူက တိုက်တွန်းသည်။

“ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို ထိန်းသိမ်းတာနဲ့ ပြည်တွင်း ဥပဒေနဲ့အညီ ကမ်းကပ်ခွင့်ကို အဆင်ပြေချောမွေ့စေအောင် လုပ်ဆောင်တဲ့အတွက် အင်ဒိုနီးရှားအစိုးရကို ချီးကျူးသင့်ပါတယ်” ဟု ကုလကျွမ်းကျင်သူက ပြောသည်။ “ဒါပေမယ့် သူတို့ချည်းပဲ ဒါကို မလုပ်နိုင်ပါဘူး။ ဒါက အရေးပေါ်ဖြစ်ပါတယ်။ လူပြည့်သိပ်ပြီး လှိုင်းလေဒဏ် မခံနိုင်တဲ့ လှေတွေနဲ့ သောင်တင်ကောင်းတင်နေနိုင်သူတွေရဲ့ အသက်တွေကို ကယ်ဖို့ ချိတ်ဆက်ညှိနှိုင်း ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတခုအပါအဝင် အရေးပေါ် တုံ့ပြန်မှု လိုအပ်ပါတယ်။” ဟု ၎င်းက ပြောသည်။

အကျပ်အတည်း၏ အရင်းခံ အကြောင်းရင်းကို အပြီးသတ် မဖြေရှင်းသရွေ့ အကျပ်အတည်းက ဆက်လက် ပိုမိုဆိုးရွားလိမ့်မည်ဟု အန်ဒရူးစ်က သတိပေးသည်။ “ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့်နဲ့ လူ့အခွင့်အရေးကို ကတိပြုနှစ်မြှုပ်ထားတဲ့ အစိုးရတရပ် ဖွဲ့စည်းမှုအပေါ် အာဏာသိမ်းစစ်အုပ်စုက ပိတ်ပင်ဟန့်တားနေသရွေ့ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းဖို့ မဖြစ်နိုင်ပါဘူး။ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်မှုူကို ဆက်ရှိစေဖို့ အသုံးပြုမယ့် တရားဝင်ဖြစ်မှု၊ ငွေကြေးနဲ့ လက်နက်တွေကို အာဏာသိမ်းစစ်အုပ်စု မရရှိအောင် ပိတ်ပင်ရင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အကျပ်အတည်းရဲ့ အရင်းခံအကြောင်းရင်းတွေကို ဖြေရှင်းရပါလိမ့်မယ်။ အဲဒါတွေ ဖြေရှင်းပြီးတဲ့ အချိန်ရောက်မှာသာပဲ ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေ သေချာစေရင်းနဲ့ သူတို့သဘောဆန္ဒအလျောက် မြန်မာကို ပြန်နိုင်ကြမှာဖြစ်တယ်။ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လုံလောက်တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ငွေကြေးပံ့ပိုးရမှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ပြန်လည်အခြေချမှု အပါအဝင် ခိုင်မြဲတဲ့ ဖြေရှင်းနည်းလမ်းတွေကို စဉ်းစားရမှာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required