တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်

By ပါခွီး (မဇ္စျိမ)
21 November 2023
တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်သား ၂ဦး လက်နက်ခဲယမ်းဖြင့် အလင်းဝင်
ပုံအညွှန်း - စစ်ကောင်စီတပ်သားများယူဆောင်လာသောလက်နက်များ | ဓါတ်ပုံ - တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)

စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား နှစ်ဦးသည် ၎င်းတို့ကိုင်ဆောင်သော လက်နက်ခဲယမ်းများဖြင့် အလင်းဝင်ရောက်လာကြောင်း တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)က နိုဝင်ဘာ ၂၁ရက် ယနေ့တွင်ထုတ်ပြန်သည်။

တမူးမြို့နယ် ၊ ထန်းတပင်ရွာတွင် နိုဝင်ဘာလ ၂၀ရက် ယမန်နေ့တွင် တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ကျော်လင်းထိုက် နှင့် ကောင်းထက်အောင် တို့ ဆက်သွယ်ဝင်ရောက်လာခြင်းဖြစ်သည်။

“သူတို့ဝင်ရောက်လာတာမှန်ပါတယ် ၊ ကျနော်တို့အနေနဲ့ကြိုဆိုပါတယ်၊လတ်တလောတာဝန်ရှိသူတွေက မြေပြင်မှာရှိနေတဲ့အတွက် အသေးစိတ်အခြေအနေကို ပြောလို့မရသေးပါဘူး” ဟု တမူးမြို့နယ် တပ်ရင်း(၄) မှ ရဲဘော်တဦးက မဇ္စျိ မကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားနှစ်ဦးသည် ၎င်းတို့ကိုင်ဆောင်သော MA 2 တလက် ၊ MA4တလက်နှင့် ကျည်ဆန်များဖြင့် ဝင်ရောက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ပြည်သူ့ရင်ခွင်သို့ ဝင်ရောက်လာခြင်းအပေါ် လှိုက်လှိုက်လှဲလှဲကြိုဆိုကြောင်း တပ်ရင်း(၄) ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တမူးမြို့နယ် ပန်းသာရွာရှိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံများကို “ပြည်တော်ဝင်” စစ်ဆင်ရေးအမည်ဖြင့် နိုဝင်ဘာလ ၈ရက်နေ့မှစတင်ပြီး အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)(TSG)၊ Fighter Police CDM နှင့် ရာဇဂြိုဟ်လျှပ်တပြက်တိုက်ခိုက်ရေးအဖွဲ့(AGF)တို့ တိုက်ခိုက်လျက်ရှိနေကြောင်း သိရသည်။

တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၄)သည် NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တပ်ရင်းတခုဖြစ်ပြီး လက်ရှိရက်ဆက် တိုက်ပွဲဝင်လျက်ရှိရာ ခဲယမ်းများလိုအပ်နေသောကြောင့် စခန်းသိမ်းနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly