နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၃ နိုဝင်ဘာ၂၀၂၃)

By မဇ္ဈိမ 
23 November 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၃ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ
NUG က အကြီးတန်းအရာရှိတစ်ဦး၏ ဂျပန်နိုင်ငံကို ပထမဆုံးလာရောက်လည်ပတ်သည့် ခရီးစဉ် တွင် သတင်းစာဆရာများကို ဖိတ်ခေါ်ပြီး နိုင်ငံခြားရေး ၀န်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေး လှုပ်ရှားမှု လက်ရှိ အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်း ပြော ကြား မည်ဟု သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက “တော်လှန် ထောက်ကူ ပညာယူ” ကမ်ပိန်းအစီအစဉ်ပြုလုပ်နေပြီး တော်လှန်ပြည်သူများ ပါဝင်နိုင် ရေးအတွက် ဖိတ်ခေါ်တယ် လို့ နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်အသိပေးခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီကို ဖိအားပေးရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်း ဆိုလိုက် သည်။

တော်လှန်ရေး လှုပ်ရှားမှုများ
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိုမိုလိုအပ်နေပြီး ၀ိုင်းဝန်းကူ ညီကြရန် အတွက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး ပေါင်းစပ်ညှိနှိုင်းရေး ရုံး၏ ပေါင်းစပ်ညှိနှိုင်းရေးမှူး လင်းဟတ်စ်တင်းက ပြောကြားလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို နိုဝင်ဘာလ ၂၃ ရက် ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ကပြောသည်။
မြို့ပေါ်စခန်းများ တိုက်ခိုက်ခံထားရသည့် တန့်ဆည်မြို့သို့ သွားရောက်မည့် စစ်ကောင်စီခြေလျင် စစ်ကြောင်းသည် ရေဦးမြို့နယ်ကို ဖြတ်နေသောကြောင့် ကျေးရွာခုနှစ်ရွာမှ ဒေသခံပြည်သူ ၅,၀၀၀ဦး ထက်မနည်းထွက်ပြေးတိမ်ရှောင်နေရသည်။
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်က ကျောက်မဲတောင် ရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီ စခန်းတို့ကို ယနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်အချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ပစ်ခတ်သည့် လက်နက်ကြီး နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ ကလေးငယ် တဦး အပါဝင် အရပ်သား သုံးဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးရဲဘော်များထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှ နေရပ်ပြန်ကြသော ရွှေ့ပြောင်းလုပ်သားများ ယမန် နေ့ နိုဝင်ဘာ ၂၂ ရက်က မြို့အထွက်ရှိ တဆယ်တန်ဂိတ်အရောက်၌ စစ်ကောင်စီတပ်မှ လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်းကြောင့် သေဆုံးမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ ခဲ့သူများက မဇ္ဈိမ ကို ပြောသည်။
မြစ်ကြီးနား - မန္တလေး ပြည်ထောင်စုလမ်းပိုင်းကို သွားလာခွင့်ပိတ်ထားရာက တပတ်အကြာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ပြန်လည်ဖွင့်ပေးလိုက်ကြောင်း ခရီးသည်တင် ယာဥ်လိုင်းများထံက သိရသည်။
တရုတ်နိုင်ငံနှင့် အဓိကနယ်စပ်ကုန်သွယ်‌ရေးဂိတ်ဖြစ်သောမူဆယ်မြို့၊ ကျင်စန်းကျော့ဂိတ်ကားဝင်း သို့ စစ်ကောင်စီတပ်ဘက်က ပစ်သည့် လက်နက်ကြီး ယနေ့ နိုဝင်ဘာလ ၂၃ရက် နံနက်၌ ကျရောက်ပေါက်ကွဲပြီး ကုန်တင်ကားများမီးလောင်နေကြောင်း ဒေသခံများကပြောသည်။

မြန်မာတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား များမကြာမီ ကဖြစ် ပေါ်သည့် တိုက်ပွဲများကြောင့် လက်ရှိအချိန်အထိ လူပေါင်း ၂၈၆,၀၀၀ ကျော် နေရပ်စွန့်ခွာ ထားခဲ့ရကြောင်း ကုလသမဂ္ဂက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားပြီး ယင်းသည် ၂၀၂၁ အာဏာ သိမ်းပြီးနောက်ပိုင်း အကြီးမားဆုံး အရှိန်မြင့်တက်မှု ဖြစ်သည်ဟု ဆိုသည်။
စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဓာတ်ဆီတစ်ဂါလံကျပ် ၅၀,၀၀၀အထိ ဈေးမြင့်တက်နေပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ‌ဆင်းမွတ်တောရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးအပါအဝင် ၄ဦးသေဆုံးကာ လက်နက် ၄လက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ရိုးမ(၂)စစ်ကြောင်း အထူးကွန်မန်ဒိုတပ်ရင်းက သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာ၌ စစ်ကောင်စီတ​ပ် တိုက်ခိုက်ခံရမှုတွင် ထိခိုက်သေဆုံးမှုများပြီးနောက် ၎င်းတို့က နေအိမ် ၂၀ကျော် မီးရှို့်ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ 
နွေဦးတော်လှန်ရေးအတွက် အဆုံးအဖြတ်ကာလ ဖြစ်ပြီး တော်လှန်‌‌ရေးခံယူချက်များကို ပြတ်သား စွာ ပြသနိုင်ရန်အတွက် ပြည်သူလူထု တရပ်လုံးကိုဖိတ်ခေါ်ရင်း နွေဦးတော်လှန်‌‌ရေးသမိုင်းအား အတူတကွ ရေးထိုးနိုင်ရန် ပြည်သူလူထုပူးပေါင်းပါဝင်ရန်လိုအပ်ကြောင်း (KNDF) ကရင်နီ အမျိုးသား ကာကွယ်ရေး တပ် စစ်ဗျူဟာ (၁) ဖယ်ခုံဇုန်က အသိပေးထုတ်ပြန်ထားသည်။

ရခိုင်မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် စစ်ကောင်စီနှင့် ရခိုင့်တပ်တော် AA အဖွဲ့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ထားသည်။ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ် ၊ ရိဒ်ခေါဒါရ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ချင်းတော်လှန်ရေး အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ချင်းပြည်နယ်အတွင်း ပထမဦးဆုံး လွတ်မြောက်ခဲ့သည့် မြို့ဖြစ်၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)က နိုဝင်ဘာလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် စစ်ဘေးရှောင်ယာဉ်ကို ပစ်ခတ်ခဲ့၍ အရပ်သားပြည်သူ ၁၄ဦးထက်မနည်း သေဆုံးခဲ့ဟု ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။
ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေဒီတောင် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)-ဇိုလဲန်း(Zoland)က နိုဝင်ဘာ ၂၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းမိသည့် ရုပ်သံမှတ်တမ်းကို ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ 
လတ်တလော ဘဏ်များတွင် ငွေသား ထုတ်ယူမှုများနေခြင်းနှင့်ပတ်သက်ပြီး လုပ်ငန်းရှင်များ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးရန် စစ်ကောင်စီလက်အောက်ခံ ကုန်သည်စက်မှု အသင်းချုပ်( UMFCCI) ဥက္ကဋ္ဌ ဦးအေးဝင်းက အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ပြောသည်။

တရုတ်နိုင်ငံမြို့တော် ဘေဂျင်းရှိ စစ်ကောင်စီကိုယ်စားပြု မြန်မာသံအမတ် ဦးတင်မောင်ဆွေနှင့် အာရှရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Liu Jinsong တို့ ယခုလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

လွိုင်ကော်မြို့လယ်အထိ တိုက်ခိုက်ခံနေရစဉ် စစ်တပ်က တပ်များ တိုးချထားကာ မြို့တွင်း နေရာအနှံ့ အင်အားဖြန့်ခွဲကာ နေရာယူထားကြောင်း မြို့တွင်းကျန်နေသေးသည့် ဒေသခံများက ပြောသည်။
လုပ်ငန်းလိုင်စင်မရှိဘဲ ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုစနစ်အသုံးပြုသူများကို အရေးယူမည်ဟု အာဏာသိမ်းစစ်တပ်က ထုတ်ပြန်သည်။ ဂြိုဟ်တုဖုန်းကဲ့သို့သော ဂြိုဟ်တုဆက်သွယ်ရေး ပစ္စည်း များ၊ ရေဒါဆက်သွယ်ရေးပစ္စည်းများ၊ ရေဒီယိုဆက်သွယ်ရေးပစ္စည်းများကို လိုင်စင်မရှိဘဲ အသုံးပြုပါက ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၇ အရ အရေးယူမည်ဟု ယနေ့ (နိုဝင်ဘာ ၂၃) ထုတ် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ကြေညာထားသည်။

“Welcome Russia” ဆိုသည့် ရုရှားခရီးသွားများကို ဆွဲဆောင်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်း အဖြစ် စစ်ကောင်စီက နေပြည်တော်ရှိ ဟိုတယ်များမှ ဝန်ထမ်းများကို ၃ လကြာသည့် အခြေခံရုရှား စကားပြောသင်တန်းများ ပေးနေသည်။
မြန်မာနိုင်ငံသို တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်သော ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattanakulနှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်သို ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၃ သုံးသပ်ချက်
တရုတ်နယ်စပ်တွင် စစ်ကောင်စီတပ်များ စခန်းများ မြို့များ အသိမ်းခံနေရသည့်အတွက် တရုတ်ပါဝင်ပတ်သက်နေသည်ဟု စစ်ကောင်စီက ယူဆပုံရ၍ တရုတ်ကို ပြန်ချဉ်းကပ်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီမှ လူ့အခွင့်အရေးချိုးဖောက်ကာ အင်တာနက်ဆက်သွယ်ရေးများ ဖြတ်တောက်ထား သည့်အတွက် လူထုမှ အင်တာနက်အဆက်အသွယ်ရရှိအောင် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှု စနစ် ကိုယ်ထူကိုယ်ထ ဝယ်သုံးနေရသည့်အပေါ်မှာ နှိပ်ကွပ်ရန် ရည်ရွယ်ချက်ဖြင့် ဆက်သွယ်ရေး ဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly