လွိုင်ကော်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချအလင်းဝင်

By 001(မဇ္စျိမ)
26 November 2023
လွိုင်ကော်တွင် စစ်ကောင်စီတပ်သား ၁၅ ဦး လက်နက်ချအလင်းဝင်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက်နက်ချ အလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း အမြန်ဆုံး လက်နက်ချ အလင်းဝင်ရန် အထူးတိုက်တွန်းကြောင်း KNDF ကဆိုထားသည်။

လက်နက်ချလာသည့် စစ်ကောင်စီတပ်သားများနှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်းနိုင်ရန် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ရှိသူထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်း အခက်အခဲကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

ကရင်နီပြည်နယ်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ပြီး ၁၁၁၁ စစ်ဆေးရေးကို ဆင်နွှဲနေခြင်းဖြစ်ပြီး ပြီးခဲ့သည့် နိုဝင်ဘာလ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ တပ်ခွဲမှူး ဗိုလ်ကြီးကောင်းမြတ်ကို အပါအဝင် တပ်သား ၃၂ ဦး တော်လှန်ရေးအဖွဲ့များထံ လက်နက်ချမှုလည်း ရှိခဲ့သည်။

“ရှေ့တန်းက တော်လှန်ရေးရဲဘော်တွေက သူတို့ကို လုံခြုံတဲ့နေရာမှာထားထားမယ်ထင်တယ်။ အချက်အလက်တွေ ဘယ်လိုလုပ်မှာလဲ ဘယ်မှာထားထားတယ်  အဲ့တာတွေက မသိရဘူး။ ကျွန်တော်တို့ လွိုင်ကော်မှာ ဖုန်းလိုင်းပြတ်နေတာက တပတ်နီးပါးရှိပြီ။ အဆက်အသွယ်မရလို့ပါခင်ဗျ။ ဒီရက်ပိုင်းကတော့ နည်းနည်းတော့ရှေ့ကိုတိုးမယ်ထင်တယ်။ မြို့ထဲမှာ ဒါပေမဲ့ အချက်အလက်မရဘူးလေ။ ဖုန်းလိုင်းက အခုလည်းမရဘူးဖြစ်နေတယ်”ဟု ကရင်နီတပ်မတော် ( KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်ကပြောသည်။

တိုက်ပွဲပြင်းထန်နေသည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်က အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများကို ဖြတ်တောက်ထားခြင်းဖြစ်ပြီး အင်တာနက်လိုင်းများမှာလည်း နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်အစောပိုင်းကတည်းက ပြတ်တောက်သွားခြင်းဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးဆောင် ရွက်ပေးနေသည့်အဖွဲ့အချို့ထံမှ သိရသည်။

တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင်းမှ နေ့ရပ်စွန့်ခွာတိမ်းရှောင်ရသည့် အရပ်သားဦးရေ ခန့်မှန်း ၄၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) က နိုဝင်ဘာလ ၂၁ ရက်တွင် မဇ္စျိမကို ဖြေဆိုထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly