စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီးနောက် ပြည်ပမှာ နေထိုင်နေရပေမယ့် နောင်တမရဟု ဆိုတဲ့ မြန်မာဘောလုံးသမား

By AFP
16 November 2023
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြပြီးနောက် ပြည်ပမှာ နေထိုင်နေရပေမယ့် နောင်တမရဟု ဆိုတဲ့ မြန်မာဘောလုံးသမား

ဂျပန်နိုင်ငံမှာ လက်ရှိ ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်လျက် ရှိတဲ့ မြန်မာဂိုးသမား ပြည့်လျှံအောင်ကတော့ သူ မြန်မာနိုင်ငံကို ပြန်လာမယ်ဆိုရင် သူ့ရဲ့ လုံခြုံရေးအတွက် ဖြစ်လာမယ့်အခြေအနေအပေါ် စိုးရိမ်ပူပန်နေပါတယ်။ ဒါပေမယ့်လည်း လွန်ခဲ့တဲ့ နှစ်နှစ်အကြာက ဘောလုံးပွဲစဉ်တပွဲ မစခင်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သင်္ကေတနဲ့ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပေါ်မှာတော့ သူ့အနေနဲ့ နောင်တမရဘူးလို့ ပြောပါတယ်။

မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းဖြစ်တဲ့ ဂိုးသမား ပြည့်လျှံအောင်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ ဂျပန်နိုင်ငံ တိုကျိုမြို့အနီး ချီဘာမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တပွဲအဖြစ် ဂျပန်အသင်းနဲ့ ရင်ဆိုင်ကစားဖို့ သူတို့အသင်း ကွင်းထဲမှာ တန်းစီချိန်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ လက်သုံးချောင်းထောင် သင်္ကေတကို ပြသရင်း ဆန္ဒပြခဲ့သူဖြစ်ပါတယ်။

အဲဒီလို ဆန္ဒထုတ်ဖော်ပြီးနောက် သူ မြန်မာပြည်ကို ပြန်သွားခဲ့မယ်ဆိုရင် ဖြစ်လာမယ့် အခြေအနေအပေါ် စိုးရိမ်ပူပန်တာကြောင့် အိမ်ပြန်မယ့် လေယာဉ်နဲ့ လိုက်ပါဖို့ ငြင်းဆန်ပြီး ဂျပန်မှာပဲ ကျန်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူဟာ ဂျပန်မှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ပါတယ်။

လက်ရှိ ယနေ့ ညနေမှာလည်း ဂျပန်အသင်းနဲ့ မြန်မာအသင်းတို့ဟာ အိုဆာကာမှာ တဖန် ပြန်လည်ရင်ဆိုင်ကစားဖို့ ရှိနေစဉ်မှာ ပြည့်လျှံအောင်ကတော့ ဘောလုံးကို စွန့်လွှတ်ထားခဲ့ရသလို သူ့အနေနဲ့ မိသားစုနဲ့တွေ့ဖို့ အိမ်ပြန်လို့လည်း မရနိုင်သေးဘဲ ရှိနေဆဲပါ။

ဒါပေမယ့်လည်း တကိုယ်တော် ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်ရင်း သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ သူက အခိုင်အမာ ပြောပါတယ်။ မြန်မာမှာ ဖြစ်ပျက်နေတာတွေနဲ့ပတ်သက်ပြီး ကမ္ဘာကို သိစေချင်ခဲ့တယ်လို့ သူက ပြောပါတယ်။
“အားလုံးကတော့ ထိပ်တန်းကစားသမားတယောက် ဖြစ်ချင်ကြတာပဲလေ။ ဒါပေမယ့် အဲဒါကို စွန့်လွှတ်ရတာက နိုင်ငံမှာ ဖြစ်ပျက်နေတာတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး” လို့ အသက် ၂၇ နှစ်အရွယ် ပြည့်လျှံအောင်က အေအက်ဖ်ပီကို ပြောပါတယ်။

“မြန်မာမှာ အဲဒီ မတရားသဖြင့် အာဏာသိမ်းမှုကို ကျွန်တော် လက်မခံနိုင်ပါဘူး။ နိုင်ငံသားတယောက် လုပ်သင့်လုပ်ထိုက်တဲ့ အရာတခုကို ကျွန်တော် လုပ်ခဲ့တယ်လို့ ထင်ပါတယ်”
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချပြီး အာဏာသိမ်းယူခဲ့ပြီးနောက်မှာ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် ပြည်သူသိန်းချီရဲ့ နေ့စဉ် ဆန္ဒပြမှုတွေကို မြင်တွေ့ခဲ့ရတဲ့ လူထုအုံကြွမှုတရပ်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

မြန်မာဘောလုံးအသင်းဟာ ၂၀၂၁ မေလမှာ ပွဲကစားဖို့ ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပြီး အဲဒီအချိန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ခရီးစဉ်ကို သပိတ်မှောက်ခဲ့တဲ့ ကစားသမားတချို့လည်း အဲဒီပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
ပွဲစဉ် မစတင်ခင်မှာ အားကစားကွင်းအပြင်ဘက်မှာ ဆန္ဒပြသူ ၇၀ ခန့် စုဝေးခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ရင်း နိုင်ငံရဲ့ ၁၉၈၈ လူထုအုံကြွမှုရဲ့ အလံတွေကို ဝှေ့ယမ်းခဲ့ကြပါတယ်။
ပြည့်လျှံအောင်ဟာ အရန်ကစားသမားတယောက် ဖြစ်ခဲ့ပြီး ကွင်းဘေးမှာ လက်သုံးချောင်းထောင် သင်္ကေတ ပြခဲ့တဲ့ သူ့ကို တီဗီ ကင်မရာတွေမှာ ရိုက်ကူးမိခဲ့ပါတယ်။

သူ့အသင်းဖော်တွေဟာ မြန်မာကနေ မထွက်ခွာခင်မှာ သူတို့ အတူတကွ ဆန္ဒသဘောထား ထုတ်ဖော်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။ဒါပေမယ့်လည်း ပွဲစဉ်မတိုင်မီ ရက်တွေမှာ အဲဒီလို မလုပ်ဖို့ အသင်း တာဝန်ရှိသူတွေက သူတို့ကို သတိပေးခဲ့ချိန်မှာ သူတို့ဟာ စတင် စိတ်ပြောင်းခဲ့ကြပါတယ်။

“တရက် ကျွန်တော်တို့ နေ့လယ်စာ စားကြတော့ ဘယ်သူတွေ ဆန္ဒထုတ်ဖော်ကြမှာလဲလို့ အသင်းဖော်တွေကို မေးခဲ့တယ်။ ဒါပေမယ့် သူတို့အားလုံးဟာ ကိုယ့်လမ်းကိုယ် သွားဖို့ စခဲ့ကြတယ်” လို့ ၎င်းက ပြောပါတယ်။
“သူတို့ အိမ်ပြန်တဲ့အချိန်ကျရင် သူတို့နဲ့ သူတို့မိသားစုအတွက် အခြေအနေတွေက ဆိုးသွားနိုင်တယ်လို့ သူတို့ ပြောကြတယ်။ ဒါကြောင့် ဆန္ဒထုတ်ဖော်တာကို မလုပ်ဖို့ဘဲ သူတို့ဆုံးဖြတ်ခဲ့ကြတယ်”
“ဘာပဲဖြစ်ဖြစ် အခြားဘယ်သူမှ မလုပ်ဘူးဆိုရင်တောင်မှ ကျွန်တော့်ဘာသာပဲ ဒါကို လုပ်မယ်လို့ ကျွန်တော် ဆုံးဖြတ်ခဲ့တယ်”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required