ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို စစ်ကောင်စီ UEC ဖျက်သိမ်း

By 001 (မဇ္စျိမ)
21 November 2023
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို စစ်ကောင်စီ UEC ဖျက်သိမ်း
ပုံအညွှန်း-ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ တံဆိပ်

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ပြီး ပါတီကိုလည်း ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်သည်။

အဆိုပါ ပါတီအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀ ကို မစည်းရုံးနိုင်ခြင်း၊ ပါတီဝင်အင်အားပြည့်မီရေးအတွက် အောက်တိုဘာလကုန် နောက်ဆုံးထား ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ချက်နှင့် ကိုက်ညီသောအင်အားစာရင်း တင်ပြနိုင်မှုမရှိခြင်းတို့ကြောင့် ဖျက်သိမ်းခြင်းဖြစ်ကြောင်း စစ်ကောင်စီ UEC က အကြောင်းပြထားသည်။

ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပ​ဒေအရ မှတ်ပုံပြန်တင်ခဲ့သည့်ပါတီဖြစ်ပြီး မေလကုန်ပိုင်းက မှတ်ပုံတင်ခွင့်ရရှိခဲ့ကာ လက်ရှိတွင် ပြန်လည်ပယ်ဖျက်ခံလိုက်ရခြင်းဖြစ်သည်။

ပုံအညွှန်း-ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၏ အလံ

ထိုသို့ ဖျက်သိမ်းခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် ပါတီတာဝန်ရှိသူအချို့ကို မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

စစ်ကောင်စီက ယခုနှစ်အ​စောပိုင်းက ပြဌာန်းခဲ့သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တခုအတွင်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁,၀၀၀၊ ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ ငွေစာရင်းအထောက်အထားရှိရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ပြည်ထောင်စုတဝန်းလုံးစည်းရုံးမည့်ပါတီဖြစ်ပါကလည်း ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀,၀၀၀၊ ပါတီရန်ပုံငွေကျပ်သိန်း ၁,၀၀၀ ရှိရမည်ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်များနှင့်ပတ်သက်ပြီး ဖြေလျှော့ပေးရန် ပါတီများဘက်က တင်ပြမှုများရှိခဲ့သော်လည်း စစ်ကောင်စီ UEC ဘက်က ငြင်းပယ်ထားခြင်းဖြစ်သည်။

လက်ရှိပယ်ဖျက်ခံလိုက်ရသည့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ပါတီဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ကွမ်းလုံမြို့နယ် မဲဆန္ဒနယ် တနေရာ အနိုင်ရရှိခဲ့ဖူးသည်။ ထို့ပြင် ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခြင်းတော့ မရှိခဲ့ပေ။ 

ယခင်က နိုင်ငံရေးပါတီ ၉၀ ကျော်ရှိခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေအရ မှတ်ပုံပြန်မတင်သည့် NLD ပါတီအပါအဝင် ပါတီ ၄၀ ကိုလည်း စစ်ကောင်စီက ဖျက်သိမ်းခဲ့သည်။

စာတည်း။  ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly