မတ္တရာမြို့နယ်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

By 007(မဇ္ဈိမ)
17 November 2023
မတ္တရာမြို့နယ်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ် ပစ်သတ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ၊အောင်ကန်သာရွာတွင် နိုဝင်ဘာလ ၁၆ရက်နေ့က လက်ဖက်ရည်ဆိုင်အတွင်းရှိ ဒေသခံ ၁၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ်က သတင်းထုတ်ပြန်သည်။

“စစ်ကူလာပေးတဲ့အချိန်မှာ လမ်းမှာ အောင်ကန်သာရွာအရောက်မှာ စကစ(စစ်ကောင်စီတပ်)ရဲ့ကားက ရပ်ပြီးတော့မှ လက်ဖက်ရည်ဆိုင်ထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် အပါအဝင် ၁၃ ဦးကို အစုလိုက်အပြုံလိုက်ပစ်သတ်ခဲ့တာပါဗျ” ဟု မတ္တရာပကဖ တာဝန်ရှိသူက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းချက်အပေါ် ဖြေကြားသည်။

ထိုဖြစ်ရပ်သည် အာဏာသိမ်းစစ်ကောင်စီ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတခု ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ်က ယနေ့  နိုင်ဝင်ဘာလ ၁၇ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးအေးနဲ့ ဆိုင်ထဲကလူအကုန်ကို ပစ်သတ်သွားတာ၊ လမ်းကြောင်းသွားနေရင်းနဲ့ ကားရပ်ပြီး ဝင်ပစ်သွားတာ” ဟု ဖြစ်စဉ်သိရှိခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

မတ္တရာမြို့နယ်အတွင်း အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ဆည်တော်ကြီး အင်ကြင်းမြိုင် လေတပ်က စစ်ကူလာပေးချိန်လမ်းတွင် ယခုကဲ့သို့ ပစ်ခတ်မှု ပြုလုပ်သွားခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

“ဒီဖြစ်ရပ်ကတော့ တကယ်ကိုအင်မတန်မှ ယုတ်ညံ့လွန်းတဲ့လုပ်ရပ်ပါ။ ဘာလို့လဲဆိုတော့ ဘာမှမဆိုင်တဲ့အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီးတော့မှ တိုက်ခိုက်တာ”ဟု မတ္တရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

နိုင်ငံတကာဥပဒေများကို ချိုးဖောက်ပြီး လူမဆန်စွာ အပြစ်မဲ့ပြည်သူများအား အစုလိုက်အပြုံလိုက် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအတွက် များစွာအံ့သြဝမ်းနည်း တုန်လှုပ်မိကြောင်းနှင့် ယခုဖြစ်စဉ်အား စစ်ကောင်စီမှ တာဝန်ခံရမည်ဖြစ်ကြောင်း ထပ်လောင်းအသိပေးအပ်ပါသည် ဟူ၍လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစကာ တကျော့ပြန်စစ်ရေးတင်းမာနေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်အထိ သုံးရက်အတွင်း ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖက်က အောင်မြင်မှုမရှိသည့်အတွက် လေကြောင်းမှတဆင့် ခုနစ်ကြိမ်ထက်မနည်း တိုက်ခိုက်မှုရှိသည်ဟု မန္တလေး PDF သတင်းထုတ်ပြန်ချက်အရ သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required