ညဘက် အပြင်မထွက်ရန်နှင့် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ အနီးနေထိုင်သူများ ရွှေ့ပြောင်းနေ ထိုင်ကြရန် မတ္တရာပကဖ အသိပေး

By 007(မဇ္စျိမ)
19 November 2023
ညဘက် အပြင်မထွက်ရန်နှင့် စစ်ကောင်စီတပ်စွဲထားသည့်နေရာများ အနီးနေထိုင်သူများ ရွှေ့ပြောင်းနေ ထိုင်ကြရန် မတ္တရာပကဖ အသိပေး
ပုံစာ - မတ္တရာမြို့အဝင်ဆိုင်းဘုတ်(ပုံဟောင်းအသုံးပြုထားပါသည်)

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ရေးတင်းမာနေခြင်းကြောင့် အရေးတကြီးကိစ္စမရှိလျှင် ညဘက် အပြင်မထွက်ကြရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်နေရာများအနီးတွင် နေထိုင် သူများအား ရွှေ့ပြောင်းကြရန် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးချက် ထုတ်ပြန်ထား သည်။

ညနေ ၆ နာရီမှနံနက် ၆ နာရီအထိ အရေးပေါ်ကိစ္စမှလွဲ၍ အပြင်ထွက်ခွင့်မပြုကြောင်း နိုဝင်ဘာလ ၁၆ ရက်နေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ထုတ်ပြန်ချက်၌ အရေးပေါ်ကိစ္စမှလွဲ၍ ညဘက် အပြင်ထွက်ခွင့်မပြုကြောင်းဆိုထားပြီး စစ်ကောင်စီတပ် အထိုင်စခန်းများနှင့်နီးစပ်သောနေအိမ်များအနေဖြင့် ဝေးရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန်  မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

“မီဒီယာကတဆင့် ပြည်သူတွေကို သတင်းစကားပါးချင်ပါတယ်၊။ စကစက ရန်သူကို ရန်သူချင်းမယှဉ်ဘဲနဲ့ ပြည်သူကိုပဲ အဓိက တိုက်ခိုက်နေတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို သူတို့မနိုင်တော့ဘူး။ မနိုင်တဲ့ အခါမှာ ဘယ်လိုဖြစ်လာသလဲဆိုတော့ ပြည်သူကိုပဲမဲတော့မှာ။ အဲဒီတော့ ပြည်သူတွေအနေနဲ့ စကစ စစ်ကြောင်းတွေလာတယ်ဆိုရင် ဝေးရာကို လွတ်အောင်ရှောင်ရမယ်။ နောက်ပြီးတော့ ရပ်ရွာထဲမှာလည်း သူတို့နဲ့ အတတ်နိုင်ဆုံး ရှောင်ရှားနေပေးစေလိုတယ်။ အဲဒီအခါကျမှလည်း ကျွန်တော်တို့ဘက်က လုပ် သင့်လုပ်ထိုက်တာတွေ လုပ်နိုင်မှာပါ” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-မတ္တရာမြို့နယ် တာဝန်ရှိသူက မဇ္စျိမ ကိုပြောသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် TNLA ၊ MDY-PDF နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ် ပွားလျက်ရှိသည်။

တိုက်ပွဲများအတွင်း ကာကွယ်ရေးပူးပေါင်းအဖွဲ့ကအသာစီးရနေသဖြင့် စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့်ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှု ခုနစ်ကြိမ်ထက်မနည်း လုပ်ခဲ့ကြောင်း၊ အထိနာ နေသည့်စစ်ကောင်စီတပ်သည် အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ ပြုလုပ်လာကြောင်း၊ နိုဝင်ဘာလ ၁၆ ရက်နေ့က အောင်ကံသာကျေးရွာတွင် အမျိုးသမီးတဦးအပါအဝင် အပြစ်မဲ့အရပ်သား ၁၁ ဦးအား စစ်ကောင်စီတပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားကြောင်း NUG ၏ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ အမှတ်(၁)စစ်ဌာနရုံးမှ နိုဝင်ဘာလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

“စကစက ဘာမှမလုပ်ပါဘူးဆိုတဲ့အတွေးနဲ့ တချို့ပြည်သူတွေက နေ နေကြတယ်ဗျ။ အဲဒါ မဟုတ်ပါဘူး၊ စကစသည် ဒီနောက်ပိုင်း ပိုဆိုးလာပါလိမ့်မယ်။ အရင်တုန်းက မတ္တရာမြို့နယ်မှာ လေကြောင်းတိုက်ခိုက် တယ် ဆိုတာမရှိသေးဘူး။ အခုဆိုရင် လေကြောင်းတိုက်ခိုက်မှုတွေ အများကြီးလုပ်လာတယ်” ဟု မတ္တရာ ပကဖ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မတ္တရာမြို့နယ်ကို စစ်အင်အားဖြည့်တင်းနေပြီး မာရဘင်၊ သုံးဆယ်ပေး၊ တောင်ပြုန်း၊ ဆည်တော်ကြီး၊ တံငါ၊ ကင်း၊ သရက်ကိုင်းစသည့်ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက် သောင်းကျန်းနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

“မနက်ပိုင်းမှာ သုံးဆယ်ပေးရွာကို စစ်ကြောင်းထိုးသွားတဲ့ စကစတပ်က နေ့လယ်မှာ ရွာကိုမီးရှို့သွားတယ်၊ တောင်ပြုန်းနဲ့ သုံးဆယ်ပေး နှစ်ရွာကြားမှာလည်း မိုင်းတွေထောင်ခဲ့တယ်၊ ပြည်သူတွေသတိရှိကြပါ” ဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တခုဖြစ်သော Madaya Gen Z အဖွဲ့မှ တာဝန်ရှိသူကပြော သည်။

မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည့် မတ္တရာမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းရေးခေါင်းစဉ်ဖြင့် TNLA ၊ MDY-PDF နှင့် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း အဖွဲ့က မြို့သိမ်းတိုက်ပွဲဆင်နွှဲနေရာ ပြည်သူလူထုမှ  ပူးပေါင်းပါဝင်ပေးကြရန် တော်လှန်ရေးအင်အားစု များက တိုက်တွန်းထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required