ရက္ခိုင့်တပ်တော် ထိုးစစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အတွင်းထိ ရောက်လာ

By Rakhine VJ(မဇ္ဈိမ)
19 November 2023
ရက္ခိုင့်တပ်တော် ထိုးစစ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အတွင်းထိ ရောက်လာ
ဓာတ်ပုံ -CJ

ရက္ခိုင့်တပ်တော်(ULA/AA)အနေဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ကာ ရခိုင်ပြည်နယ်တွင် စခန်းသိမ်းတိုက်ပွဲများစတင်ခဲ့ပြီး တပ်အချို့မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ် အတွင်းထိ ထိုးဖောက်လာနေပြီဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်မှ ၁၈ နေ့အထိ ခြောက်ရက်တာအတွင်း အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်များရှိ စစ်ဆေးရေးဂိတ်များကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်နှင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ သည်ဟု စစ်ဘေးရှောင် အမ်းဒေသခံ သတင်းရင်းမြစ်က ပြောသည်။

“တောင်ခြေကဂိတ်ကို AA ရဲဘော်တွေ ဝင်သိမ်းလိုက်လို့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တယ်။ အမ်းအထွက် ရွာမက လူတယောက် ကျည်စမှန်လို့ အရေးပေါ်ဆေးရုံတင်ထားရတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြည်နယ်တောင်ပိုင်းရှိမြို့များအထိ ရက္ခိုင့်တပ်တော်မှ ဝင်ရောက်တိုက်ခိုက်မည် ကိုစိုးရိမ်သဖြင့် အမ်းနှင့် တောင်ကုတ်မြို့ကို ဆက်သွယ်ထားသော တံတားများကိုလည်း ဖျက်ဆီးခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

“တချို့ရွာတွေကတိုက်စရာမလိုဘူး။ AA ဝင်လာတယ်၊ ရဲစခန်းကရဲတွေခေါ်သွားတယ်၊ အလံတွေဘာတွေ ပြောင်းတင်တယ်၊ အဲဒီလို တွေ့ရတယ်” ဟု တောင်ကုတ်ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီသည် AA ၏တပ်ဖြန့်ထားမှုများကိုစိုးရိမ်သဖြင့် ရခိုင်ပြည်နယ်တောင်ပိုင်းမှ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ ငပလီဒေသများမှ အရပ်သား ၁၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိရသည်။

AA အနေဖြင့် ပေါက်တော၊ မောင်တော၊ မင်းပြား၊ ကျောက်တော် ၊ ပလက်၀မြို့နယ်များတွင် ထိုးစစ်ဆင် လျှက်ရှိပြီး စစ်ကောင်စီက ရေတပ်၊ လေတပ်တို့ဖြင့် ပြန်လည်တိုက်ခိုက်နေသည်။ တိုက်ပွဲများကြောင့် ဒေသခံများအထိနာခဲ့ပြီး စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ခန့်ရှိပြီဖြစ်ကြောင်း သတင်းရင်းမြစ်များကပြော သည်။

လတ်တလောတွင် မောင်တောအခြေစိုက် စစ်ကောင်စီ၏ ဒုံးညိုဗျူဟာကုန်းကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ် ကြောင်း ULA/AA က ထုတ်ပြန်ထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required