ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေး၏အစပိုင်းကို ရောက်နေဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

By 001 (မဇ္စျိမ)
09 November 2023
ရခိုင်တွင် ၁၀၂၇ စစ်ဆင်ရေး၏အစပိုင်းကို ရောက်နေဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများမှ လက်နက်စမ်း သပ်၊ ခြောက်လှန့်ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လာနေပြီး ယင်းမှာ ရခိုင်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၏အစဟုပင်ပြောနိုင်ကြောင်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်သည်။

ရခိုင်တွင် စစ်ကောင်စီ၏ စစ်ကြောင်းများ ပိုမိုလှုပ်ရှားသွားလာနေကာ ရေလမ်းကြောင်းကို အဓိက အသုံး ပြုပြီး စစ်ရေးလှုပ်ရှားနေသည်မှာ သိသာထင်ရှားသည့် စစ်ရေးကြိုတင်ပြင်ဆင်နေမှုဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီအနေဖြင့် ရခိုင်တွင် အရပ်သားပြည်သူများ၊ ရခိုင်အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တက်ကြွ လှုပ်ရှားသူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ အခြေစိုက်ရာရုံးများတွင် စစ်ဆေးမှုများ ပိုမိုတင်း ကျပ်စွာ ပြုလုပ်နေကြောင်းနှင့် ဒေသခံမီဒီယာများကို သတင်းမှန်များ မရေးသားနိုင်အောင် အကွက်ချ စီစဉ် လုပ်ဆောင်နေကြောင်းလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ဆိုသည်။

စစ်ကောင်စီက အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရခိုင်အခြေစိုက် DMG သတင်းဌာနမှ သတင်းထောက် တဦးနှင့် ရုံးစောင့်တဦးကို ဖမ်းဆီးခဲ့ပြီး ရုံးကိုလည်း ချိပ်ပိတ်ခဲ့သည်။

တဖက်တွင်လည်း ရက္ခိုင့်တပ်တော် AA သည် ပြီးခဲ့သည့်ရက်ပိုင်းက မြောက်ဦးမြို့တွင် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးမှုများရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား လူသားချင်းစာနာမှုအရဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကတည်းက အပစ်အခတ်ရပ်စဲထားခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA) ၊ တအာင်းတပ်မတော်(TNLA) နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ပါဝင်သည့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေး ဖော်ဆောင်နေပြီး ၁၀ ရက်ကျော်အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ မုံးကိုးနှင့် နမ့်ခမ်းမြို့များအပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၁၅၀ ကျော်ကို သိမ်းပိုက်ထားသည်။

အဆိုပါတိုက်ခိုက်ခံရမှုများနှင့်ပတ်သက်ပြီး လက်တုံ့ပြန်မည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ယမန်နေ့ နိုဝင်ဘာလ ၈ ရက်က နေပြည်တော်တွင်ပြုလုပ်သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ပြောဆိုထားသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required