သိန္နီမြို့တွင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်၊  စစ်ရှောင်စခန်းအများစု ဆန်ပြတ်လုနီးပါးဖြစ်

By ဓါတု (မဇ္ဈိမ)
15 November 2023
သိန္နီမြို့တွင် စားသောက်ကုန်စျေးနှုန်းများမြင့်တက်၊  စစ်ရှောင်စခန်းအများစု ဆန်ပြတ်လုနီးပါးဖြစ်
ဓါတ်ပုံ-သိန္နီမြို့မှစစ်ဘေးရှောင်ပြည်သူများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊သိန္နီမြို့တွင် တိုက်ပွဲများကြောင့် အခြေခံစားသောက်ကုန်များကုန်စျေးနှုန်းမြင့်တက်နေပြီး  စစ်ဘေးရှောင်စခန်းအများစုတွင် ဆန်ပြတ်လုနီးပါးဖြစ်လာကြောင်း စစ်ဘေးရှောင်များကူညီပေးနေသူများထံမှသိရသည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးစတင်သော အောက်တိုဘာလ ၂၇ရက်မှစ၍ ဒေသတွင်း အဓိကလမ်းပိုင်းအချို့ဆက်သွယ်‌ရေးပြတ်တောက်သွားပြီး ကုန်စျေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်။

" စစ်ရှောင်စခန်းတစ်ခုကလဲလှမ်းပြောတယ်။ ဆန်ကုန်တော့မယ်ဆိုပြီး။ အဓိကက ကျီးလန့်စာစားနေရတဲ့အနေအထားမို့ ရောင်းဝယ်ဖို့ ခက်နေတာပါ" ဟု စစ်ဘေးရှောင်များအားကူညီပေးသည့် သိန္နီမြို့ခံလူငယ်တဦးကမဇ္စျိမကိုပြောသည်။

တိုက်ပွဲမဖြစ်ခင်က သိန္နီမြို့တွင်  ဆန်တအိတ် ၉၀,၀၀၀ ကျပ်ခန့်ရှိခဲ့သည်။   တိုက်ပွဲဖြစ်သည့်ရက်မှစ၍ ကျပ် ၁၃၀,၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး   ယခုအခါ  ကျပ် ၂၀၀,၀၀၀ ဝန်းကျင်အထိ ရောက်ရှ်ိနေကြောင်းသိရသည်။ အခြေခံစားသောက်ကုန်များအားလုံး ဈေးနှုန်းကြီးမြင့်နေပြီး ကြက်ဥတလုံး ၇၀၀ကျပ် အထိမြင့်တက်လာကြောင်း ဒေသခံများကပြောသည်။

ယခုအခါ  သိန္နီမြို့မှ ဘုန်းကြီးကျောင်း ၁၃ ကျောင်းတွင် စစ်ရှောင်ဦးရေ ၇,၀၀၀ ကျော် ခိုလှုံနေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများ၏စာရင်းများအရသိရသည်။ စစ်ကောင်စီ၏လေကြောင်းမှ တိုက်ခိုက်မှုနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့်  နိုဝင်ဘာလ ၁၁ ရက် နေ့အထိစာရင်းအရ ဒေသခံအရပ်သားများ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ရပ်ကွက်နှင့် ကျေးရွာများအတွင်း နေအိမ် အဆောက်အဦး၄၀ခန့် မီးလောင်ပျက်ဆီးခဲ့‌ကြောင်းသိရသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို တအာင်းတပ်မတော် TNLA နှင့်အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သောမြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ရက္ခိုင့်တပ်တော် (AA) တို့ ဦးဆောင်ကာ စစ်ကောင်စီတပ်အားထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ သိန္နီမြို့ကို MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ ထိန်းချုပ်ထားကြောင်း ဒေသခံများကပြောသည်။  မြို့နယ်အနီး ဝန်းကျင်‌ နေရာများ၌ စစ်ရေးတင်းမာနေဆဲဖြစ်သည်။သိန္နီ၊လားရှ်ိုး၊ကွတ်ခိုင်၊ ကွမ်းလုံ၊မူဆယ်၊ နမ့်ခမ်း၊  လောက်ကိုင်၊ ကုန်းကြမ်း စသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့ ရှစ်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ 

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly