တမူးမြို့နယ် ပန်းသာကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်၊ ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံး

By ပါခွီး (မဇ္စျိမ)
20 November 2023
တမူးမြို့နယ် ပန်းသာကျေးရွာတွင် တိုက်ပွဲဆက်ဖြစ်၊ ကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံး
ပုံအညွှန်း - ပန်းသာရွာအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမြင်တွေ့ရစဥ်/ဓါတ်ပုံ - အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာတွင် အခိုင်အမာတပ်စွဲပြီး ခုခံနေသည့် ပျူစောထီး-စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်များအကြား ၁၂ ရက်မြောက်အဖြစ် နိုဝင်ဘာလ ၂၀ ရက် ယနေ့အထိ တိုက်ပွဲများဖြစ်ပွားနေကြောင်း အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ထံမှ သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့က စတင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ သေဆုံး ဒဏ်ရာရသူ အများအပြားရှိပြီး NLA မှ တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

“ကျဆုံးခဲ့တဲ့ရဲဘော်တွေက ပျော်ပျော်နေတတ်တယ်။ တိုက်ရဲခိုက်ရဲပြီး ဇပြင်းတဲ့ရဲဘော်တွေပါ။ တော် လှန်ရေး စိတ်ဓာတ်ပြင်းထန်တဲ့သူတွေဖြစ်တယ်။ စွန့်လွှတ်စွန့်စားခဲ့တဲ့အတွက် လေးစားဂုဏ်ယူနေမှာပါ” ဟု NLA သတင်းပြန်ကြားရေးတာဝန်ခံ သျှောင်တစောင်းက မဇ္စျိမကိုပြောသည်။

ကျဆုံးခဲ့သော ရဲဘော်တပ်ဖွဲ့ဝင်နှစ်ဦးမှာ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် တပ်ကြပ်သန့်ဇင်ဦး(ခ) အရှည်ကြီး နှင့် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် NLP ဒုရဲအုပ် မင်းမင်းထွေးတို့ဖြစ်သည်။

ပန်းသာရွာကို စတင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့တွင် စခန်းသိမ်းရခါနီးဖြစ်ခဲ့သော်လည်း တမူးမှ စစ်ကောင်စီတပ်သားများဖြင့် အင်အားပြန်လည်ဖြည့်တင်းလာပြီး လက်ရှိတွင် အင်အား ၁၀၀ ကျော်ဖြင့် ဆက်လက်ခုခံနေကြောင်း သိရသည်။ 

အင်အားဖြည့်လာသည့်တပ်သားများမှာ တမူးမြို့နယ် ဝိတုတ်၊ ခါမ်းပါတ်နှင့် ချင်းပြည်နယ် ရိဒ်ခေါဒါရ် စခန်းများသိမ်းပိုက်ခံရပြီး ထွက်ပြေးသည့် စစ်ကောင်စီတပ်သားများကို အိန္ဒိယနိုင်ငံက ပြန်လည်ပို့ဆောင် ခဲ့သည့် တမူးမြို့မှ တပ်သားများဖြစ်ကြောင်း သတင်းပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

ပန်းသာကျေးရွာသည် စစ်ရေးအရအချက်အချာကျပြီး ပျူစောထီးများနှင့် စစ်ကောင်စီတပ်က အခိုင်အမာ တပ်စွဲထားကာ ၎င်းရွာကိုသိမ်းပိုက်နိုင်ပါက တမူးမြို့သိမ်းတိုက်ပွဲအတွက် လွယ်ကူသွားနိုင်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို NLA နှင့် တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)(TSG)၊ Fighter Police CDM နှင့် ရာဇဂြိုလ်လျှပ်တပြက်တိုက်ခိုက်ရေးအဖွဲ့(AGF)တို့ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် လက်နက်ခဲယမ်းလိုအပ်နေပြီး များများရရှိပါက မြန်မြန်သိမ်း နိုင်မည်ဖြစ်ရာ စခန်းရသည်အထိ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း NLA တပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံ သျှောင်တစောင်းကပြောကြားသည်။

တမူးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အခြေစိုက်ထားသော ဝိတုတ်နှင့် ခါမ်းပါတ်စခန်းတို့ကို တော်လှန် ရေးတပ်သားများက တိုက်ခိုက်သိမ်းပိုက်ထားပြီး ဖြစ်သည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly