ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာဖြစ်ကြောင်း APHR ပြော

By မဇ္ဈိမ 
20 November 2023
ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာဖြစ်ကြောင်း APHR ပြော

ထိုင်းနယ်စပ်က မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာကောင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့  APHR အဖွဲ့ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ် Mercy Barends က ပြောပါတယ်။

 

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေပါဝင်တဲ့ (APHR) ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ဘေးဒုက္ခသည်တွေရှိရာ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်နဲ့ မယ်စရီးယန်းမြို့တွေကို နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ လေးရက်ကြာ သွားရောက်ခဲ့ပြီး ဒေသခံအဖွဲ့အစည်းတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ကာ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်းခန်းမမှာ နိုဝင်ဘာ ၁၇ ရက်က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

 

မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်လာခဲ့တဲ့ မြန်မာဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေဟာ ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စရာ အခက်အခဲတွေကြုံနေရပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေပါတယ်လို့လည်းဆိုပါတယ်။

 

အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရတဲ့အခြေအနေတွေဟာ စိုးရိမ်စရာဖြစ်နေပြီး ဒီပြဿနာတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းကာ အလျင်အမြန်ဖြေရှင်းဆောင်ရွက်ဖို့လိုအပ်နေတယ်လို့ထောက်ပြထားပါတယ်။

 

ကလေးငယ် အများစုက အာဟာရချို့တဲ့တဲ့ အခြေအနေမှာလည်း ရှိနေပြီး ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အပါအဝင် တခြားသော အဖွဲ့အစည်းတွေ အနေနဲ့လည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အရေးပေါ် အခြေအနေမှာ ကူညီပံ့ပိုးပေးဖို့  (APHR) က တိုက်တွန်းထားပါတယ်။

 

ဒါ့အပြင် နယ်စပ်ကဆေးခန်းတွေမှာ လူနာတွေအတွက် ဆေးဝါး နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေကြောင်း APHR ကိုယ်စားလှယ်အဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာစစ်တပ်က လေကြောင်းကနေ ဆက်လက်တိုက်ခိုက်နေတာတွေကြောင့် ထိုင်းနယ်စပ်နားမှာ မြန်မာစစ်ဘေးဒုက္ခသည် သုံးသိန်းအထိ ရှိလာနေပြီဖြစ်ကြောင်းနဲ့ မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ ပြင်းပြင်းထန်ထန်ချမှတ်ဖို့လည်း APHR အဖွဲ့ဝင် မလေးရှား လွှတ်တော်အမတ် Kelvin Yii ကလည်း နိုင်ငံတကာကို တိုက်တွန်းသွားပါတယ်။

 

ဒီပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူဇန်နာလှလှစိုး ကလည်း အွန်လိုင်းကနေတက်ရောက်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် သုံးသန်းနီးပါး ရှိလာနေတဲ့အကြောင်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၈၇၁ ဦး ကလေး ၅၃၀ ကျော် သေဆုံးခဲ့ရတာတွေကို ပြောကြားသွားပါတယ်။ 

 

လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဆက်ပြီး ဖြစ်ပွားနေပေမယ့် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ဝင်စားမှု လျော့နည်းလာတယ်လို့ APHR က ပြောထားပါတယ်။

 

မြန်မာစစ်ဘေးဒုက္ခသည်ပြည်သူတွေအတွက် အန္တရာယ်ကင်းဇုန်ထူထောင်ဖို့ ထိုင်း နဲ့ မြန်မာတာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ကြောင်း၊ သူတို့အတွက် အန္တရာယ်ကင်းဇုန် မလုပ်ပေးနိုင်ရင် သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်ရတဲ့အကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required