စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားအား ဆန်းစစ်ခြင်း

စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး ယန္တရားအား ဆန်းစစ်ခြင်း

အာဏာရှင်စနစ်မှာ ဝါဒဖြန့်ချိရေးဟာ သတင်းအချက်အလက်တွေဖြန့်ဝေခြင်းဖြစ်ပြီး ဖြစ်ရပ်မှန်တွေ၊ အငြင်းအခုံဖြစ်စရာတွေ၊ ကောလာဟလတွေ၊ တဝက်တပျက်မှန်တဲ့ သတင်းအမှန်တွေနဲ့ မုသားတွေပါဝင် ပြီး လူထုရဲ့အမြင်ကို လွှမ်းမိုးဖို့ကြိုးပမ်းခြင်းဖြစ်ပါတယ်။

ဝါဒဖြန့်ချိရေးနဲ့ပတ်သက်ပြီး  အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် Freedom Forum Institute ရဲ့ ပညာ ရေးဆိုင်ရာပရောဂျက်တခုဖြစ်တဲ့ Disinformation Nation ကတော့ “ဝါဒဖြန့်ချိခြင်းဆိုတာနဲ့ပတ်သက် လို့ အဓိပ္ပာယ်ဖွင့်ဆိုမှု အမျိုးမျိုးရှိနိုင်ပါတယ်။ ကျွမ်းကျင်နှံ့စပ်သူတွေတောင် အငြင်းအခုံရှိနိုင်ပါလိမ့်မယ်။ တယောက်ရဲ့အမြင်မှာ ဝါဒဖြန်တာလို့ယူဆပေမယ့် အခြားတယောက်ရဲ့အမြင်မှာတော့ လူထုကို အသိ ပညာပေးတာလို့ မြင်နိုင်ပါတယ်” လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ စစ်အာဏာရှင်ပီပီ ဝါဒဖြန်ချိ ရေးကို အလေးထားလုပ်ဆောင်ခဲ့ပါတယ်။ ရခိုင်အရေးအခင်းကြောင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်က မြန်မာ စစ်တပ်နဲ့သက်ဆိုင်တဲ့စာမျက်နှာတွေကို ဖယ်ရှားခဲ့သလို အာဏာသိမ်းမှုဖြစ်စဉ်အပြီးမှာ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေကိုလည်း ဖယ်ရှားခဲ့တာကြောင့် အားနည်းသွားခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့လည်း စစ်ကောင်စီဟာ ပြည်တွင်းနဲ့နိုင်ငံတကာကိုလှည့်စားဖို့ နည်းလမ်းအသစ်တွေရော၊ နည် လမ်းအဟောင်းတွေပါ သုံးလာပါတော့တယ်။

ဒေါ်လာနှစ်သန်းတန် လော်ဘီ

အာဏာသိမ်းမှုအပြီး တလကျော်အကြာ မတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီဟာ အစ္စရေးထောက်လှမ်းရေး ဟောင်း Ari Ben-Menashe ပိုင် ကနေဒါအခြေစိုက် Dickens & Madson ဝါဒဖြန့်ချိရေးအဖွဲ့နဲ့ ဒေါ်လာ နှစ်သန်းတန်ကြေးရှိတဲ့ စာချုပ်တရပ်ချုပ်ဆိုခဲ့တယ်လို့ အမေရိကန်အခြေစိုက် Foreign Lobby က ဆိုကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က ဗိုလ်ချုပ်ကြီးမြထွန်းဦး လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး  Dickens & Madson အနေနဲ့ အမေရိကန်ကွန်ဂရက်၊ အမေရိကန်အစိုးရ၊ ဆော်ဒီ၊ ယူအေအီး၊ အစ္စရေး၊ ရုရှား၊  ကုလသမဂ္ဂ၊ အာဖရိက သမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့တွေကို စစ်ကောင်စီရဲ့လုပ်ရပ်တွေအပေါ် လက်ခံ လာစေဖို့ စည်းရုံးသိမ်းသွင်းရမှာပါ။

ဒါပေမယ့်လည်း စစ်ကောင်စီရဲ့ အစီအစဉ်ဟာ အထမမြောက်ခဲ့ပါဘူး။ ကနေဒါနဲ့ အမေရိကန်အစိုးရတို့ရဲ့ ပိတ်ဆိုမှုကြောင့် စစ်ကောင်စီထံက ငွေကြေးလွှဲပြောင်းလို့မရတဲ့အတွက် မေလ ၁၁ ရက်နေ့က စာချုပ် ဖျက်သိမ်းခဲ့တယ်လို့ Dickens & Madson က ဇူလိုင်လ ၇ ရက်နေ့မှာ အမေရိကန်တရားရေးဌာနကို အစီရင်ခံခဲ့တယ်လို့ Foreign Lobby က ထပ်မံဖော်ပြပါတယ်။

ပြည်တွင်းမှာ သတင်းမှောင်ချ

စစ်ကောင်စီက ပြည်ပကလော်ဘီအဖွဲ့ကိုငှားရမ်းပြီး ဝါဒဖြန့်ဖို့ကြိုးစားနေတဲ့အချိန်ဟာ ပြည်တွင်းမှာ မီဒီယာတွေကို ဖမ်းဆီးအရေးယူပြီး သတင်းမှောင်ချဖို့ပြင်ဆင်နေတဲ့အချိန်ဖြစ်နေတာ တွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ဆုံးပတ်မှာ “အာဏာသိမ်းစစ်အစိုးရ”လို့ဖော်ပြနေကြတဲ့ မီဒီယာတွေကို ကျင့်ဝတ်နဲ့အညီဆောင်ရွက်အောင်ကြီးကြပ်ပေးဖို့ စစ်ကောင်စီက မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ထံ စာပေးပို့ခဲ့ပြီး ထပ်မံပြုလုပ်မယ်ဆိုရင် ထုတ်ဝေခွင့်ပိတ်သိမ်းမယ်လို့ ရာဇသံပေးခဲ့ပါတယ်။ ဒီလိုလုပ် ရပ် က စစ်အာဏာရှင်အဆက်ဆက် မီဒီယာတွေကိုဖိနှိပ်တဲ့ နည်းလမ်းတခုပါ။

၂၀၂၁ ခုနှစ် မတ်လဆန်းမှာတော့ မီဒီယာငါးခုကို ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့ပြီး ယနေ့အချိန်ထိ စစ်ကောင်စီ က သတင်းမီဒီယာလုပ်ငန်း ၁၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့ကာ သတင်းသမား ၁၅၆ ဦးဖမ်းဆီးခဲ့ပြီး လေးဦး သတ်ဖြတ်ခံထားရတယ်လို့ ပြည်တွင်းကဖမ်းဆီးခံသတင်းသမားတွေရဲ့ အချက်အလက်တွေကို စုတည်း တင်ပြနေတဲ့ Detained Journalists Group ရဲ့စာရင်းမှာ ဖော်ပြပါထားတယ်။

စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ သတင်းသမားလေးယောက်မှာ သုံးဦးက နယ်ကဖြစ်ပြီး ရန်ကုန်မြို့ မှာ ဖမ်းဆီးသတ်ဖြတ်ခံရသူကတော့ အသံတိတ်သပိတ်ကြောင်း ဓာတ်ပုံရိုက်ကူနေတဲ့ အလွတ်တမ်းဓာတ် ပုံသတင်းထောက် ကိုစိုးနိုင်ဖြစ်ပါတယ်။ သူဟာ ဖမ်းဆီးခံရပြီး သုံးရက်အကြာမှာ သေဆုံးသွားခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲနဲ့ စတင်ဝါဒဖြန့်

မီဒီယာတွေကိုထုတ်ဝေခွင့်ပိတ်၊ သတင်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်နေခဲ့တဲ့ စစ်ကောင်စီဟာ တဖက် ကလည်း နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲဆိုပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ပြုလုပ်ခဲ့တာ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ ၂၂ ကြိမ် ပြုလုပ်ထားပါတယ်။

သတင်းစာရှင်းလင်းပွဲတွေဟာ နာရီပေါင်းများစွာ ကြာမြင့်တာကိုတွေ့ရပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းဦးဆောင်ကာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ ဝန်ကြီးဌာနအချို့ လာရောက်ရှင်းလင်းတာကို တွေ့ရပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲတွေမှာ ထူးထူးခြားခြားတွေ့ရတာကတော့ မီဒီယာလောကမှာ နှစ်ပေါင်းများစွာ လုပ်ကိုင်နေသူတောင်မသိကြတဲ့ အမည်အမျိုးမျိုးနဲ့မီဒီယာတွေက သတင်းထောက်၊ အယ်ဒီတာနဲ့ အမှု ဆောင်အရာရှိ ဆိုသူတွေဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပလက်ဖောင်းတခုခုမှာ တယ်လီဖုန်းတလုံးနဲ့ မီဒီယာ ထူထောင်ထားကြတာကို တွေ့ရပါတယ်။

အဲဒီမီဒီယာတွေဟာ မဲသမာမှုနဲ့ပတ်သက်တဲ့အကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေအပေါ် စစ်ကောင်စီက တချိန်လုံးပြောဆိုနေတဲ့ အကြောင်းတွေကိုပဲ မေး ခွန်းထုတ်လေ့ရှိတာတွေ့ရပြီး အမုန်းစကားတွေ ပျံ့နှံ့အောင် လုပ်ဆောင်ပေးနေတာ တွေ့ရပါတယ်။

နမူနာတချို့ပြရမယ်ဆိုရင် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကပြုလုပ်ခဲ့တဲ့ စစ်ကောင်စီသတင်းစာရှင်းလင်းပွဲ မှာ  KIA ၊ KNU ၊ KNPP ၊ CNF စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ပူးပေါင်းပြီး နိုင်ငံ့ယန္တရားကိုဖျက်ဆီးနေတာ နှစ်နဲ့ချီနေပြီဖြစ်ပြီး ဒီအဖွဲ့တွေကို အကြမ်း ဖက်အဖွဲ့တွေအဖြစ် ကြေညာသွားဖို့ရှိပါသလားဆိုပြီး မေးမြန်းခဲ့တာတွေ့ရပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပတ်သက်ရင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း နိုင်ငံရေး အခင်းအကျင်းကို ကြည့်ဖို့လို့ပါမယ်။ အခု စစ်ကောင်စီကို လက်နက်ကိုင်တွန်းလှန်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၂၀  ရွေးကောက်ပွဲမှာ  အနိုင်ရထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖမ်းဆီးပြီး အဏာသိမ်းမှုကို  ဆန့်ကျင်ခဲ့တာ တွေ့ရမှာပါ။

စစ်ကောင်စီကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ဗမာလူမျိုးအချင်းချင်း သတ်ဖြတ်ကြ အောင် ကူညီပေးတယ်လို့ ပြောထားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက  တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဗမာတွေ အချင်းချင်းသတ်ဖြတ်ဖို့ ကူညီ နေတာဖြစ်ပြီး ဒီလုပ်ရပ်ကိုထောက်ခံနေကြတဲ့ဗမာတွေကို အံ့ဩတယ်ဆိုတဲ့အကြောင်း “ဗမာတွေကို အံ့ဩတယ်၊ ဗမာအချင်းချင်းသတ်ဖြတ်နေတာကို ထောက်ခံတာ အံ့ဩတယ်”ဆိုပြီး လူမျိုးရေးအရ အင်မတန် အန္တရာယ်များလှတဲ့ စကားလုံးတွေ သုံးစွဲသွားတာ တွေ့ရပါတယ်။

အမှန်တဝက်နဲ့ ဝါဒဖြန်တဲ့ လော်ဘီတွေ

စစ်ကောင်စီကိုထောက်ခံပြီး ဝါဒဖြန့်နေသူတွေကိုကြည့်မယ်ဆိုရင် နှစ်မျိုးနှစ်စား တွေ့ရပါတယ်။ ပထမ တမျိုးက တော်လှန်ရေးအဖွဲ့တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထိုးနှက်တိုက်ခိုက်ပြီး စစ်ကောင်စီကိုထောက်ခံနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ Telegram မှာ အမည်ပေါင်းများစွာနဲ့တွေ့နေရပြီး ပြည်တွင်းကတက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမြဲတမ်းလှုံ့ဆော်နေတာတွေ့ရမှာဖြစ်ပါ တယ်။ လေ့လာစောင်ကြည့်မှုတခုကတော့ စစ်ကောင်စီထောက်ခံသူ လော်ဘီတွေရဲ Telegram ချန်နယ် ပေါင်း ၁၈၀ ကျော်ဟာ ချိတ်ဆက်ပြီး ဝါဒဖြန့်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီ Telegram ချန်နယ်တွေကို စစ်ကောင်စီထောက်ခံသူတွေလောက်ကပဲ စိတ်ဝင်တစားရှိကြတာပါ။

နောက်တမျိုးကတော့ မီဒီယာရဲ့သဘောသဘာဝကိုနားလည်ပြီး လူထုဆီကိုပြောချင်တဲ့ အချက်အလက် တွေရောက်ရှိအောင် အမှန်တဝက်နဲ့ ဝါဒဖြန့်ချိပေးနေသူတွေဖြစ်ပါတယ်။
ဒီ စစ်ကောင်စီလော်ဘီ အမျိုးအစားအကြောင်း မဖော်ပြခင်မှာ လက်ရှိမြန်မာနိုင်ငံရဲ့ လွတ်လပ်စွာထုတ် ဖော်ပြော ဆိုခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အခြေအနေကို သိဖို့လိုပါတယ်။
နယ်စည်းမခြားသတင်းထောက်များ(RSF) ရဲ့ သတင်းလွတ်လပ်ခွင့်အညွှန်ကိန်းမှာ မြန်မာနိုင်ငံက သတ် မှတ်စံနှုန်း ၁၈၀ မှာ ၁၇၃ အထိရောက်ရှိနေပြီး ဆိုးဆိုးရွားရွား ဖိနှိပ်ခံနေရတယ်လို့ ဖော်ပြထားတာပါ။

RSF ရဲ့ သတ်မှတ်ချက် ဘယ်လောက်မှန်သလဲဆိုတာ မကြာသေးခင်က ရခိုင်ပြည်နယ်မှာတိုက်ခတ်သွား တဲ့ မိုခါမုန်တိုင်းတိုက်ခတ်မှုကိုသတင်းရယူနေတဲ့ Myanmar Now သတင်းဌာနက ဓာတ်ပုံသတင်း ထောက်ကိုစိုင်းဇော်သိုက်ကို အကြမ်းဖက်ပုဒ်မတွေအပါအဝင် ပုဒ်မမျိုးစုံနဲ့တရားစွဲဆိုပြီး အင်းစိန်ထောင် တွင်းတရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တာက သက်သေဖြစ်ပါတယ်။

စစ်ကောင်စီဟာ သူတို့ကိုဝေဖန်သူတိုင်း အပြင်းထန်ဆုံးပုဒ်မတွေနဲ့ တရားစွဲဆိုထောင်ချလေ့ရှိပါတယ်။ ဟစ်ဟော့တေးသံရှင်ဗျူဟာဆိုရင်လည်း စစ်ကောင်စီရဲ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကိုဝေဖန်လို့ အင်းစိန် ထောင်တွင်း တရားရုံးကပဲ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါသေးတယ်။

ဒီလို လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို တင်းတင်းကျပ်ကျပ်ပိတ်ပင်နေတဲ့အချိန်မှာ သတင်းစာရှင်းလင်း ပွဲတက်ရောက်နေတဲ့ မီဒီယာအချို့ဟာ လူမှုကွန်ရက်မှာသတင်းသုံးသပ်ချက်လိုလိုနဲ့ စစ်ကောင်စီအတွက် ဝါဒဖြန့်ချိရေးလုပ်နေကြပါတယ်။ သတင်းသုံးသပ်ချက်မှာ စစ်ကောင်စီရဲ့ အားနည်းချက်တွေ၊ စီမံခန့်ခွဲမှု အလွဲတွေကိုဝေဖန်ထောက်ပြပြီး  ကျန်တာက အစဉ်အလာအတိုင်း စစ်ကောင်စီပြောလေ့၊ စွပ်စွဲ‌လေ့ရှိတဲ့ အသုံးအနှုန်းတွေကိုပဲ တွေ့ရပါတယ်။

နမူနာတခုအဖြစ် NP News သတင်းမီဒီယာက Telegram မှာ တင်ထားထဲ့ ဗီဒီယိုဖိုင်တခုအကြောင်း ပြေပြချင်ပါတယ်။ အဲဒီဗီဒီယိုဖိုင်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့က မြဝတီခရိုင်အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတဲ့အကြောင်း ဆွေးနွေးထားတာ ပါဝင်ပါတယ်။ ဆွေးနွေးမှုတွေမှာ စစ်ကောင်စီ ဘက်က လုံခြုံရေးပေါ့လျော့တဲ့အကြောင်းကနေ နောက်ဆုံးကာကွယ်ရေးဝန်ကြီးအထိပါ ပြောဆိုတာ တွေ့ရပါတယ်။ ထုံးစံအတိုင်း မပါမဖြစ်ကတော့ ဒီကိစ္စတွေမှာ နောက်ကွယ်က နိုင်ငံတခုခု၊ အဖွဲ့အစည်း တခုခုက ကြိုးကိုင်နေတယ်လို့ စွပ်စွဲထားခြင်းပါ။

NP News ရဲ့ သတင်းသုံးသပ်ချက်တွေမှာ CIA, MI-6 စတဲ့အဖွဲ့အစည်းတွေက မြန်မာနိုင်ငံကို အလုံးစုံပျက် သုဉ်းရေးအတွက် ကူညီနေကြတယ်ဆိုတဲ့အကြောင်း အတော်များများတွေ့ရပေမယ့် ပြည်တွင်းမှာ စစ် ကောင်စီရဲ့ စစ်ကြောင်းထိုး မီးရှို့မှုကြောင့် ဒုက္ခရောက်နေသူတွေအကြောင်းတော့ မတွေ့ရပါဘူး။

လော်ဘီတွေ အလုပ်ဖြစ်နိုင်သလား

သတင်းမှား ဒါမှမဟုတ် ဝါဒမှိုင်း (propaganda) ဆိုတာ ခေတ်အဆက်ဆက် အစိုးရနဲ့အာဏာပိုင်တွေ အသုံးပြုခဲ့တဲ့ အင်မတန်ထိရောက် တဲ့လက်နက်တခုဖြစ်ပြီး တင်ဆက်မှုပုံစံသာကွာရင်ကွာမယ် လက်ရှိ ကာလတွေမှာလည်း သုံးနေကြသေးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆိုပါတယ်။

“သတင်းအမှားကို လူထုကိုဝါဒမှိုင်းတိုက်ဖို့ အသုံးပြုသလို တန်ပြန် သမိုင်းသက်သေ တည်ဆောက် ဖို့နဲ့ ဆန့်ကျင်ဖက်သက်သေ (သို့) counter narrative တည်ဆောက်ဖို့လည်း သုံးကြပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံသမိုင်းမှာ စစ်အာဏာရှင် အဆက်ဆက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ ထိလည်း ထိရောက်ခဲ့ပါတယ်” လို့ ၎င်းကဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရန်သူအင်အားကို နည်းနိုင်သမျှ နည်းသွားအောင်လုပ်နေသလို မဟာမိတ် အင်အား ကို တိုးသထက်တိုးလာအောင် ကြိုးစားနေတဲ့ နေရာမှာ ရန်သူအချင်းချင်းကြား (တော်လှန်ရေး ဘက်သား အချင်းချင်း) စိတ်ဝမ်းကွဲဖို့ သတင်းအမှား (သို့) ဝါဒမှိုင်းကိုသုံးတယ်လို့လည်း ပြောပါတယ်။

ခံယူချက် ရှုမြင်မှု ဝေဝါးနေသူတွေ ပိုပြီး အတွေးအခေါ်အခြေယိုင်နဲ့အောင်လည်း သုံးသလို အချင်းချင်း ကြား စိတ်ပျက်နေကြတဲ့လူတွေ ဒီဘက်ကိုကူးလာလို့ အဆင်ပြေအောင်(သို့) ကူးဖို့လိုအပ်တဲ့ သက်သေ အကြောင်းအရာ (justifications)တွေရသွားအောင် သတင်းအမှားတွေ ဖန်တီးတည်ဆောက်ပေးလေ့ရှိ ပြီး သတင်းအမှား (သို့) ဝါဒမှိုင်းတွေကို သေချာဂရုတစိုက်လေ့လာပြီး တန်ပြန် သတင်းအမှန်ဖေါ်ထုတ် နိုင်ဖို့၊ ဝါဒမှိုင်းရဲ့ အားနည်းချက် (fallacies)တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုသိရှိနိုင်ဖို့ အင်မတန် အရေး ကြီးပါတယ်” လို  ဒေါက်တာစိုင်းကြည်ဇင်စိုးက ရှင်းပြပါတယ်။

လူမှုကွန်ရက်ပလက်ဖောင်းတွေမှာ စစ်ကောင်စီအလိုကျမီဒီယာတွေရဲ့ ပျံ့နှံ့နေမှုကို လေ့လာကြည့်တဲ့ အခါမှာ Telegram မှာ NP News က စောင့်ကြည့်သူ ၄၇,၀၀၀ ကျော်၊ People Media က ၇၆,၀၀၀ ကျော်၊ Myanmar Hard Talks က ၃၀,၀၀၀ ကျော်၊ သူရိယနေဝန်းက ၂၂,၀၀၀ ကျော် စသည်ဖြင့် သောင်း ဂဏန်းပတ်ဝန်းကျင်မှာ ရှိကြတာကိုတွေ့ရပေမယ့်  မြန်မာတွေအသုံးများတဲ့ TikTok ပလက်ဖောင်းမှာ တော့ NP News က ကျော်မျိုးမင်းကို ကြည့်ရှုနေကြသူ မနည်းတာတွေ့ရပါတယ်။

TikTok မှာ NP News ကို ကြိုက်နှစ်သက်သူ ၂.၇ သန်း၊ စောင့်ကြည့်သူ  ၃၃၂,၀၀၀ ကျော်ရှိတာတွေ့ရပါ တယ်။ NP News ဟာ ဝက်ဘ်ဆိုက်ကနေလည်း သတင်းတွေတင်ဆက်နေပေမယ့် TikTok မှာတော့ ကျော်မျိုးမင်းရဲ့ သတင်းသုံးသပ်ချက်တွေကို အများဆုံးဖော်ပြထားတာတွေ့ရပါတယ်။ NP News ရဲ့ TikTok မှာဖော်ပြထားတဲ့ရုပ်သံဖိုင်တွေထဲမှာ ကြည့်ရှုသူ ၂.၃ သန်းကျော်အထိရှိပါတယ်။ သုံးသပ်ထားတဲ့ သတင်းအကြောင်းအရာကတော့ အစုံပါပဲ။ နစကရဲ့လုပ်ဆောင်ချက်တွေကို ဝေဖန်တာလည်းပါသလို ဒီမိုကရေစီအင်အားစုတွေရဲ့နဲ့ပတ်သက်ရင်တော့ စစ်ကောင်စီလေသံအတိုင်းပဲဆိုတာကို ကြည့်ရှုသူတိုင်း သတိပြုမိပါလိမ့်မယ်။ NP News ဟာ ဝက်ဘ်ဆိုက်အပြင် App အနေနဲ့လည်းရှိပြီး လစဉ်ကြေးပေးပြီး အသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။

ဆန်းစစ်တွေ့ရှိချက်တွေအရဆိုရင် စစ်ကောင်စီအတွက် ဝါဒဖြန့်ပေးနေတဲ့ မီဒီယာတွေထဲမှာတော့ NP  News က ပျံ့နှံ့မှုအားအကောင်းဆုံးဖြစ်တာ တွေ့ရပါတယ်။ မီဒီယာသိမြင်နှံ့စပ်မှု(media literacy) အား နည်းသူတွေအပေါ်မှာ သက်ရောက်မှုရှိလာတာကို တွေ့လာရပါတယ်။

နိုင်ငံရေးဆိုတာ လူကြားမှာ ရဲရဲတင်းတင်းမပြောဝံ့တော့တဲ့ ဒီလိုအချိန်မျိုးမှာ အခုလိုမျိုး စစ်ကောင်စီရဲ့ အားနည်းချက်တချို့ကိုဝေဖန်ထောက်ပြပြီး  တဖက်မှာလည်း တော်လှန်ရေးအုပ်စုတွေ၊ နိုင်ငံရေးအင်အား စုတွေအပေါ် စစ်အာဏာရှင်အဆက်ဆက် စွပ်စွဲပုတ်ခတ်တဲ့ အသုံးအနှုန်းတွေနဲ့ နေ့စဉ်ပြောဆိုနေခြင်းက လူထုအပေါ် အနည်းနဲ့အများ လွှမ်းမိုးလာနိုင်ပါတယ်။

စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေကြတဲ့ မီဒီယာအများစုဟာ စာနယ်ဇင်းအတတ်ပညာနဲ့ဝေးသူတွေ ဖြစ်တာကြောင့် ပျံ့နှံ့မှုနဲ့ထိရောက်မှု အားမကောင်းလှပေမယ့် သတင်းမီဒီယာလောကမှာ နှစ်ပေါင်းများ စွာကျင်လည်ခဲ့ပြီး စာဖတ်ပရိသတ်ကို လှည့်စားနိုင်တဲ့သူတွေရဲ့ ဝါဒဖြန့်ချိရေးကိုတော့ သတိထားဖို့လိုပါ လိမ့်မယ်။

လူထုအနေနဲ့ကတော့ သတင်းအချက်နဲ့အလက်နည်းပညာခေတ်မှာ သတင်းတွေကိုဖတ်ရှုနား ထောင်ရင်း ဝါဒဖြန့်ချိသူတွေရဲ့ ထောင်ချောက်ထဲကို ရောက်မသွားဖို့ကလည်း အရေးကြီးပါတယ်။ သတင်းတု သတင်း မှားတွေကို ဖော်ထုတ်တဲ့အဖွဲ့အစည်းတွေရှိလာပေမယ့် အမှန်တဝက်နဲ့ဝါဒဖြန်တဲ့ကိစ္စကတော့ ကိုင်တွယ် ရခက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required