နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၆ နိုဝင်ဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၆ နိုဝင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ဇီးဖြူကုန်း အကြမ်းဖက် စစ်တပ် လက်ပါးစေ ပျူစောထီး ကျေးရွာက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ပုလဲမြို့နယ် လူသားချင်း စာနာထောက်ထားရေး တာဝန်ခံ နှင့် ပုလဲမြို့နယ် (ပကဖ) တို့က ထောက်ပံ့ကူညီမှုပေးခဲ့ကြကြောင်း သိရသည်။

မကွေးတိုင်း၊ ပခုက္ကူ ခရိုင် အတွင်းက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ရဲဘော်များက အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက် မှု ပပျောက်ရေး အထိမ်းအမှတ်အနေဖြင့် တက်ကြွ စွာပါဝင် ဆင်နွှဲခဲ့ကြောင်း (MOWYCA) အမျိုးသမီး၊ လူငယ်နှင့် ကလေးသူ ငယ်ရေးရာ ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်၊ ကျေးရွာ(၅)ရွာက မသန်စွမ်းပြည်သူ(၂၁၀)ဦးအတွက် အဖွဲ့တစ်ဖွဲ့က တတိယအကြိမ် ထောက်ပံ့ပေးအပ်သည့် တစ်ဦးလျှင် (၉၀၀၀၀)ကျပ်ဖြင့် စုစု‌ပေါင်း (၁၈,၉၀၀,၀၀၀)ကျပ် ကို နိုဝင်ဘာ၂၅ရက်ကမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးတာဝန်ခံနှင့်အဖွဲ့က သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်းရှိ Non CDM ဝန်ထမ်းများ ဒီဇင်ဘာ ၃၁ ရက်နေ့နောက်ဆုံးထား၍ ဆောင်ရွက်ဆဲ ရုံးလုပ်ငန်းများကို ရပ်တန့်၍ အလင်းဝင်ရန်နှင့် အလင်း ဝင်ခြင်း မရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူအပြစ်ပေးမည်ဟု မင်းကင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ လက် အောက်ရှိ မင်းကွန်းဒေသ သစ်တောရုံးဝင်း အတွင်း၌ ပြည်သူ့ ကာကွယ်‌ရေးတပ်မတော်၏ အလံတော်ကို လွှင့်တင် ထားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာရှိ စစ်ကောင်စီစခန်းအား တိုက် ခိုက်သိမ်းပိုက်စဉ် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားအချို့ ထပ်မံဖမ်းဆီးရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ရေအောက်တောင်းပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေး သွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးလမ်းပေါ်ရှိ တာဝါတိုင် စခန်းကုန်း သိမ်းပိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကျော် ထိခိုက်သေဆုံးနိုင် ကြောင်း ပြည် ထောင်စုလွတ်မြောက်ရေးတပ်ဦး - ULF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ခေါဇာမြို့ နယ်ခွဲ ရဲစခန်းမှ တပ်ကြပ်ကြီး ၁ ဦက Ye Guerrilla Force- ရေးပြောက်ကျားတပ်ဖွဲ့ထံကို CDM ပြုလုပ်ကာ အလင်းဝင်လာခဲ့ကြောင်း YGF ရေး ပြောက်ကျား တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၂၅ ရက်နေ့ နေ့လယ်ပိုင်း က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် လူထု လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံက သိရသည်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် သပြေရှောင်ရွာရှိ လူနေအိမ်နှင့် ဆိုင်ကယ်များကို စစ်ကောင်စီ တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးသွားသည်ဟု ထားဝယ် ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) တာဝန်ရှိသူက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် လေကြောင်းတိုက်ခိုက်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်။

တောင်ကိုးရီးယားနိုင်ငံတွင် ချင်းတော်လှန်ရေး အကြောင်း ရိုက်ကူးထားသည့် My Duty (Ramrian) ရုပ်ရှင်ကို Bupyeong Station ၊ Lotte Cinema, 8 Floor ၌ ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်၌ ပြသခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘုန်းတောရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကခရိုင် အမှတ် ၆ တပ်ရင်း (Myaing Villages Revolution Front) အဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ကော်သူးလေ အုပ်ချုပ် နယ်မြေ၊တပ်မဟာ(၇) ဖားအံ ခရိုင်၊ နဘူးမြို့နယ်အတွင်းက ဝဲလစ် ကျေးရွာမှာ နိုင်ငံတကာ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက် ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာ ၂၅ နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

MNDAA နှင့် မဟာမိတ်တပ်ဖွဲ့တို့ ဖော်ဆောင်လာသော(၁၀၂၇) စစ်ဆင်ရေးOperationကြီး ဆက်လက် အရှိန်အဟုတ်မြင့်လုပ်ဆောင်နိုင်ရန်အတွက် မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း(၅)ဖွဲ့က ကျပ်သိန်း ၅၀၀၀ လှူဒါန်းခဲ့ကြောင်း The Kokang က ထုတ်ပြန်သည်။

ကရင်နီပြည်၊ လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်းအကြမ်းဖက် စစ်ကောင်စီတပ်သား ၁၅ဦး ကရင်နီတော်လှန်ရေး တပ်ဖွဲ့ထံ လက်နက်ချ ဘက်ပြောင်းအလင်းဝင်လာကြောင်း KNDFက ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊လိုင်လင်းပီမြို့တွင် မရာပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နိုင်ရန် စနစ်တကျ တာဝန်ယူ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ကြားကာလ မရာနယ်ကောင်စီ တာဝန်ရှိသူ ထံက သိရသည်။

ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီ တပ်ကို ချင်းကာကွယ်ရေးရဲဘော်များက ယနေ့ (နိုဝင်ဘာလ ၂၆ရက်)နံနက်တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အဝင် အေးရှားဝေါဂိတ်၌ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ယနေ့ နံနက် ၆နာရီကစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သိန္နီမြို့နယ် နမ့်စလပ်ရွာအခြေစိုက် စစ်ကောင်စီ၏ ခမရ(၅၆၇ )နှင့် (၅၆၈) တပ်ရင်း ဌာနချုပ် များကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ထံမှ သံချပ် ကာယာဉ် ၁စီး၊ ဟောင်ဝစ်ဇာအမြောက် ၂လက်နှင့် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ယမန်နေ့(နိုဝင်ဘာ ၂၅) ညပိုင်း၌ သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ မန်အောင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် တိုက်နယ်ဆေးရုံ ထိမှန်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ် ကျင်စန်းကျော့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို MNDAA က သိမ်းပိုက်လိုက်ပြီး ကိုးကန့်အလံ လွှင့်ထူလိုက်ကြောင်း အဆိုပါတပ်ဖွဲ့က ထုတ်ပြန် ပြောဆိုထားသည်။

စစ်ကောင်စီ

လွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်များ ကယ်ထုတ်သွားသော ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များကို အမြန်ဆုံးပြန်လွှတ်ပေးရန် NUG အစိုးရက တောင်းဆိုကြောင်း ထုတ်ပြန်ချက်အတုတစ်စောင် စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်၌ ဖြန့်ဝေနေကြောင်း တွေ့ရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာန၏ ဖိတ်ကြားချက်အရ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် တ စစ်ချွမ်း-ချုံချင့်ဒေသနှင့် မဲခေါင်ဒေသခွဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်သို့ တက်ရောက် ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

MNDAA , TNLA , AA မှ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ တရုတ်-မြန်မာ ရေနံသဘာဝဓာတ်ငွေ့ ပိုက် လိုင်း ထိန်းချုအကြမ်းဖက်ပူးပေါင်းအဖွဲ့မှ မြိုင်ကလေး-သထုံ-ဘီးလင်းနှင့် မြိုင်ကလေး-ရန်ကုန် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတို့အား မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

နေပြည်တော်တွင် နိုင်ငံ့ဝန်ထမ်းများစစ်သင်တန်းတက်ရန် စာရင်းကောက်နေသည့် သတင်းသည် သတင်းမှား သာဖြစ်ကြောင် စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံက နယ်စပ်ဒေသများတွင် တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို စိစစ်ဖော်ထုတ်ပြီး လွှဲပြောင်းပေးနေရာမှာ နိုဝင်ဘာ၂၅ရက်ကလည်း တရုတ်နိုင်ငံသား ၈၁၅ ယောက်ကို တရုတ်နိုင်ငံ တာဝန်ရှိသူတွေ ဆီထပ်မံလွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့ ကို ကိုးကား၍ Sky Net One News သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ ၂၆ သုံးသပ်ချက်

နိုင်ငံအနှံ့တိုက်ပွဲများတွင် စစ်ကောင်စီစခန်းများ ရဲစခန်းများ ဆက်တိုက်အသိမ်းခံနေရပြီးနောက် အကြမ်းဖက်စစ်ကောင်စီ၏ တပ်သားများ နေရာစုံမှ လက်နက်ချအလင်းဝင်လာသည် ကိုတွေ့ရသည့် အတွက် နောက်ထပ်တော်လှန်ရေးလှိုင်းများ ထပ်မံရောက်ရှိလာပါက လက်နက်ချသည့် စစ်ကောင်စီ တပ်ဖွဲ့များ ယခုထက်များလာနိုင်သည်။

နယ်စပ်ကုန်သွယ်ရေးစခန်းများ ဆက်တိုက်အသိမ်းခံရမှုများကြောင့် စစ်ကောင်စီ၏ ကုန်သွယ်မှုလု ပ်ငန်းများ ထိခိုက်လာနိုင်ပြီး ယင်းမှရရှိနေသည့် အခွန်ဘဏ္ဍာများ လျော့နည်းလာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly