စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၉၀ ခန့် မီဇိုရမ်တောင်ပိုင်းသို့ ထွက်ပြေးဝင်ရောက်

By The Hindustan Times
23 November 2023
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံသား ၉၀ ခန့် မီဇိုရမ်တောင်ပိုင်းသို့ ထွက်ပြေးဝင်ရောက်
Photo-AFP

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တပ်ဖွဲ့များအပေါ် အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် နောက်ထပ် မြန်မာဒုက္ခသည်များသည် စိမ့်ဝင်နိုင်သော နိုင်ငံတကာနယ်စပ်ကို ဖြတ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် တောင်ဘက်ပိုင်းသို့ ထွက်ပြေးဝင်ရောက်လာကြောင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သိရှိသည့် အိန္ဒိယတာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ၊ ချင်းပြည်နယ် လိုင်လင်းပီ ဧရိယာရှိ ကျေးရွာများ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် ပြီးခဲ့သည့် နှစ်ရက်အတွင်း မြန်မာနိုင်ငံသား ၉၀ ဦးထက်မနည်းသည် နယ်စပ်ဖြတ်ကာ မီဇိုရမ်၏ လက်ကီနှင့် ကာကီချူ ဧရိယာများသို့ ရောက်ရှိလာကြောင်း အရပ်ဖက် အုပ်ချုပ်ရေးပိုင်းက နိုဝင်ဘာ ၂၂ ရက် ညနေပိုင်းတွင် ပြောသည်။

မြန်မာနိုင်ငံသားများကို ၄၉၆ ဒသမ ၅ ကီလိုမီတာရှိ မီဇိုရမ်နှင့် စိမ့်ဝင်နိုင်သော နယ်စပ်ကို ဖြတ်ကျော်ခွင့် ပြုခဲ့ပြီး လွတ်လပ်စွာ သွားလာမှု စနစ်အောက်၌ ပြည်နယ်အတွင်း ၁၆ ကီလိုမီတာအထိ သွားလာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာရှိ နယ်စပ်ကျေးရွာများတွင် နေထိုင်သူ အများစုသည် ကူကီး-ချင်း-ဇို မျိုးနွယ်များမှ ဖြစ်ပြီး ၎င်းတို့သည် နယ်စပ်၏ အိန္ဒိယဘက်ခြမ်းတွင် နေထိုင်သူများနှင့် မျိုးနွယ်ဆိုင်ရာ တူညီမှုများ ရှိသည်။

အောက်တိုဘာ ၂၇ ရက်က မြန်မာတွင် စစ်ကောင်စီတပ်များနှင့် ခုခံတော်လှန်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပြီးနောက် ဒုက္ခသည်အသစ်များသည် မီဇိုရမ် မြောက်ပိုင်းသို့ ဝင်ရောက်ခဲ့ကြသည် ဖြစ်ရာ ယခုတကြိမ်သည် ပြီးခဲ့သည့် နှစ်ပတ်အတွင်း နေအိမ်များ ဆုံးရှုံးခဲ့ရသည့် ဒုက္ခသည်များကို မီဇိုရမ်၏ တောင်ပိုင်း ဆိုင်ဟာ ခရိုင်က ပထမဆုံးအကြိမ် လက်ခံခဲ့ရခြင်းဖြစ်သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စုစုပေါင်းအားဖြင့် မြန်မာမှ ဒုက္ခသည် ၃၀,၀၀၀ ကျော်သည် မီဇိုရမ်မြောက်ပိုင်း၏ နေရာဒေသများတွင် နေထိုင်လျက် ရှိပြီး ၂၀,၀၀၀ ထက်မနည်းသည် အိုက်ဇောခရိုင်တွင် ရှိကာ ၁၀,၀၀၀ ခန့်သည့် မြောက်ပိုင်း ချမ်ဖိုင်မြို့အနီးတွင် ရှိသည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းသည်။

နိုဝင်ဘာ ၁၁ နှင့် ၁၂ ရက်နောက်ပိုင်း နောက်ထပ် လူ ၅,၀၀၀ ခန့် မီဇိုရမ်သို့ ထပ်မံရောက်ရှိခဲ့သော်လည်း တချို့သည် နောက်ပိုင်းသို့ မူလနေထိုင်ရာသို့ ပြန်သွားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required