တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင်း ကုန်ကား ၁၀၀ ကျော် မီးလောင်၊ ကျပ်သိန်းပေါင်း သိန်းချီဆုံးရှုံး

By 009 (မဇ္ဈိမ)
24 November 2023
တရုတ်နယ်စပ် ကျင်စန်းကျော့ဂိတ်တွင်း ကုန်ကား ၁၀၀ ကျော် မီးလောင်၊ ကျပ်သိန်းပေါင်း သိန်းချီဆုံးရှုံး

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကျင်စန်းကျော့ဂိတ်ထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ယမန်နေ့ နိုဝင်ဘာ ၂၃ရက် မနက်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး အနီးအနားရှိ ကုန်ကား ၁၀၀ စီးကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ မနက် ၉ နာရီခန့်အချိန်တွင် ကျင်စန်းကျော့ဂိတ်ရှိ စစ်ကောင်စီတပ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စက်တင်ဘာလကုန်ပိုင်းက တိုက်ပွဲများကြောင့် ကုန်သွယ်ရေးစခန်းတွင်း ပိတ်မိနေသည့် ကုန်ကားများ မီးလောင်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

“ စစ်ကောင်စီရောက်လာလို့ ကားဝင်းထဲက ဝန်ထမ်းတွေ ရှောင်ထားတာလေ။ ဒရုန်းသံတွေကြားပြီး တိုက်ခိုက်ခံရတာ။ စစ်ကောင်စီက ကုန်ကားတွေကို အကာအကွယ်ယူထားသလိုနဲ့ ကားအနီးမှာပဲ နေကြတယ်။ အဲ့လိုနဲ့ပဲ ကားတွေလည်း မီးလောင်ကြတာပေါ့။ ”ဟု ဆယ်ဝမ်းဟွာကျင်းကားဝင်းထဲရှိ ကုန်သည်တဦးက ပြောသည်။

စစ်ဆင်ရေး ၁၀၂၇ ကြောင့် တရုတ်နယ်စပ်တလျောက်နှင့် ကုန်သွယ်ရေးဂိတ်များ ဆုံးရှုံးနေသည့် စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးမားဆုံးကုန်သွယ်မှုရှိနေသော ကျင်စန်းကျော့ဂိတ်တွင်း နိုဝင်ဘာလ ၂၀ ရက်နေ့တွင် တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ခန့်ဖြင့် အင်အားဖြည့်တပ်စွဲခဲ့ကြောင်း သိရသည်။
 
ကျင်စန်းကျော့ဂိတ်တွင်း ပုဂ္ဂလိကပိုင် New Star Light ကုမ္ပဏီ ဆယ်ဝမ်းဟွာကျင်း ကားဝင်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ပေါက်ကွဲအားပြင်းထန်သည့် ဗုံးကြောင့် ကားဝင်းအတွင်း ကုန်ကားများ မီးလောင်ကျွမ်းခဲ့ကြောင်း ကုန်သည်များက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့နေသည့် ဓာတ်ပုံများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မီးလောင်နေသည့်ကုန်ကားအနီး သွားလာလှုပ်ရှားနေသည်ကို တွေ့ရပြီး မီးငြိမ်းသတ်နေသည့်အထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် တွေ့ရသည်။ 

ထိုတိုက်ခိုက်မူကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခြင်းဖြစ်သည်ကို ကုန်သည်များနှင့် ဒေသခံများက မသိရှိရသေးဟု ဆိုသည်။

ယမန်နေ့ ညနေ ၅ နာရီခွဲအထိ ကုန်ကားများကို မီးငြိမ်းသတ်ခဲ့ရပြီး အနည်းဆုံး ကုန်ကားအစီး ၁၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ရကြောင်း New Star Light ကုမ္ပဏီနှင့်နီးစပ်သည့် ကုန်သည်တဦးက ပြောသည်။
 
“ ကုမ္ပဏီဘက်က ကားအစီးရေ ၁၂၈ စီးလောက် မီးလောင်ခဲ့တယ်လို့ ပြောတယ်။ ဒါပေမယ့် အတိအကျတော့ မသိရသေးဘူး ၁၀၀ စီးတော့ ကျော်နိုင်တယ်။ တရုတ်ပြည်က ပိုင်တဲ့ ကုန်ကားတွေလည်း မီးလောင်ခဲ့တယ်လို့ ကြားတယ်။ ” ဟု ပြောသည်။

မီးလောင်ဆုံးရှုံးခဲ့ရသည့် ကုန်ကားများသည် တရုတ်ပြည်မှ စက်ပစ္စည်း၊ အိမ်သုံးပစ္စည်းနှင့် စားသောက်ကုန်များတင်သွင်းလာသည့် ကုန်ကားများဖြစ်ပြီး တစီးကို ခန့်မှန်းတန်ဖိုး ကျပ် သိန်း သုံးထောင်ခန့်ရှိကာ စုစုပေါင်းတန်ဖိုး ကျပ် သိန်းပေါင်း သုံးသိန်းကျော် ဆုံးရှုံးနိုင်သည်ဟု အထက်ပါ ကုန်သည်တဦးထံက သိရသည်။

ကျင်စန်းကျော့ကုန်သွယ်ရေးစခန်းတွင်း ပုကလိကပိုင် ကားဝင်းအများအပြားရှိပြီး တိုက်ပွဲများကြောင့် ကုန်ကားပေါင်း ၁,၀၀၀ ကျော် ပိတ်မိနေဆဲဖြစ်သည်။

ကျင်စန်းကျော့ဂိတ်နှင့် အနီးဆုံး မူဆယ်မြို့နယ် ကြူကုတ်(ပန်ဆိုင်း)မြို့ ဝမ်တိန်နယ်စပ်ဂိတ်များကို ကိုးကန့်တပ်ဖွဲ့ ( MNDAA )နဲ့ မဟာမိတ်များက ယခုလ လဝက်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မူဆယ် ၁၀၅ မိုင်နှင့် ကျင်စန်းကျော့ဂိတ်တွေကိုလည်း မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့က ဆက်လက် သိမ်းပိုက်ရန် ထိုးစစ်ဆင်နေခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆကြကြောင်း သိရသည်။

ယနေ့(နိုဝင်ဘာ ၂၄)တွင် ကျင်စန်းကျော့ဂိတ်အနီး ပုံမှန်သွားလာနေကြပြီး ယမန်နေ့ည ၁၂ နာရီခန့်တွင် စစ်ကောင်စီတပ်ဘက်က မူဆယ်မြို့အနီး စယ်လန့်ကျေးရွာအုပ်စုထဲရှိ တောတောင်များအနီးကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မူဆယ်မြို့ပေါ်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဘက်က လေကြောင်းအသုံးပြု လူအင်အား ဖြည့်တင်းနေသလို လက်နက်ခဲယမ်းရိက္ခာများ လေထီးဖြင့် ပစ်ချမှုကို ယခုရက်အတွင်း ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မူဆယ်မြို့ခံတွေက ဆိုသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် တရုတ်နယ်စပ် နမ့်ခမ်းမြို့တွင် စစ်ကောင်စီတပ်၏ လက်ကျန် (စခန်းသစ်) တပ်စခန်းကို TNLAဘက် သီတင်းတပတ်ခန့် စီးနင်းတိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly