မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ

By 007 (မဇ္ဈိမ)
24 November 2023
မန္တလေး-ပြင်ဦးလွင် လမ်းပိုင်းတွင် ယာဉ်တိုက်မှုဖြစ်ပြီး ၄ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ
Photo − စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)

မန္တလေး-ပြင်ဦးလွင်လမ်းပိုင်း မိုင်တိုင် အမှတ် (၁၈) နှင့် (၁၉) ကြားတွင် ယနေ့ နို၀င်ဘာလ ၂၄ ရက် နံနက် ၈ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွါးရာ လေးဦးသေဆုံးပြီး  ငါးဦးဒဏ်ရာရရှိသည်ဟု လူမှုကူညီရေးအသင်း အဖွဲ့ဝင်ထံက သိရသည်။

“၁၈ မိုင် ၄ ဖာလုံနားဖြစ်တာ၊ Light Truck ကားကချောက်ထဲထိုးကျတယ်၊ နောက်တစီးက အိမ်စီးကားအနီလေး။  သူကတော့ လမ်းဘေးဆင်းသွားတာ၊ အဲဒီနားက အဆင်းရှည်တယ်၊ ဂီယာကြီးနဲ့ဆင်းခိုင်းထားတဲ့နေရာပေါ့။ အရှိန်မထိန်းနိုင်ဘဲ နောက်ကနေ၀င်တိုက်မိပြီး ချောက်ထဲထိုးကျတာ” ဟု ပရဟိတလုပ်ကိုင်နေသူက ပြောသည်။

မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းအတိုင်း မောင်းနှင်လာသည့် အဖြူရောင်(Mini Light Truck) ကားသည် လားရာတူမှ အနီရောင်အိမ်စီးကားအားအနောက်မှ၀င်တိုက်မိပြီး ချောက်ထဲထိုးကျသွားရာမှ ကားပေါ်ပါလာသူ အမျိုးသားသုံးဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသား သုံးဦးနှင့် အမျိုးသမီးတဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ကုသနေစဉ် အမျိုးသမီးတဦး သေဆုံးသွားပြီး အိမ်စီးကားအနီရောင်မှ အမျိုးသမီးနှစ်ဦးလည်း မစိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း သိရသည်။

“ကျား သုံး၊ မ တစ် စုစုပေါင်းလေးဦးသေဆုံး၊ ဒဏ်ရာရက အားလုံးပေါင်းငါးဦးပါ။ အလောင်းတွေနဲ့ ဒဏ်ရာရသူတွေအကုန် ဆေးရုံမှာပါ။  သက်ဆိုင်ရာမိသားစုတွေနဲ့ ဆက်သွယ်ပေးနေပါတယ်” ဟု လူမှုကူညီရေး အသင်းသားတဦးက ပြောသည်။

မန္တလေး-လားရှိုးလမ်း၊ မန္တလေး-ပြင်ဦးလွင် အဆင်းလမ်းပိုင်း၊ မိုင်တိုင် ၁၉ မှ အောက်ဘက်(မိုင်တိုင် ၁၇) အထိ လမ်းပိုင်းသည် လမ်းချောပြီးအဆင်းရှည်လျားသဖြင့် ယာဉ်တိုက်မှုနှင့် ယာဉ်တိမ်းမှောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိရာ ပြီးခဲ့သည့် အောက်တိုဘာလ ၂၂ ရက် နံနက် ၂ နာရီခန့်က ၁၈ မိုင် ၁ ဖာလုံတွင် ခရီးသည်ယာဉ်တစီး ချောက်ထဲထိုးကျပြီး ကားပေါ်လိုက်ပါလာသူကိုးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

စာတည်း။        ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly